close

ဝက်လက်မြို့နယ်၌ ကျောင်းဖွင့်ချိန် သံပုံးတီးဆန္ဒပြသည့်ရွာသားများကို စစ်တပ်နှင့်ရဲက ဝင်ဖမ်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းရွာမှာ ဇွန်လ ၁ ရက် မနက်ပိုင်းက အခြေခံပညာ အလယ်တန်းကျောင်းဖွင့်လို့ စစ်ကျွန်ပညာရေးဆန့်ကျင်ကြတဲ့ရွာသူရွာသားတွေက သံပုံးတီးဆန္ဒပြ ခဲ့ကြပါတယ်။

ဆန္ဒပြတာနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်နဲ့ရဲတွေက ကျေးရွာအတွင်းဝင်ပြီး PSI စလောင်းတွေဖြုတ်ချကြဖို့ပြောသလို သူတို့ကိုယ်တိုင်လည်း ဝင်ရောက်ဖြုတ်ယူသွားပြီး၊ ရွာသားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ရွာသူ ရွာသားတွေ ကတော့ ထွက်ပြေးကြတာပေါ့။ PSI စလောင်းတွေလည်း ရဲတွေကိုယ်တိုင်ဖြုတ်ပြီး ယူသွားကြတယ်။ PSI ၅ လုံးလောက်ပါသွားတယ်။ မပြေးဘဲ သူအိမ်က PSI သူဖာသာ ဖြုတ်နေတဲ့လူကိုတော့ ဖမ်းသွားတယ်”လို့‌ ကျောက်ကုန်းရွာသားတစ်ဦးကပြောပါတယ်။

အလားတူပင်းဇင်းကျေးရွာ အလယ်တန်းကျောင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ရဲအစောင့်အရှောက်တွေနဲ့ ကျောင်းဖွင့်ထားပြီး ကျောင်းရှေ့မှာစောင့်နေတဲ့လုံခြုံရေးတွေက လမ်းသွား လမ်းလာ အနီရောင်အင်္ကျီ ဝတ်ထားသူတွေကို ခေါ်ယူစစ်ဆေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ဝက်လက်မြို့နယ်အတွင်းမှာ စာသင်ကျောင်းတွေဖွင့်ဖို့ အမျိုးမျိုးကြိုးပမ်းနေပေမဲ့ စာရင်းရှိ အခြေခံပညာကျောင်းသားကျောင်းသူ ၃၃,၀၀၀ ခန့်ရှိတဲ့အနက်ကျောင်းတက်သူ ၁၀၀၀ ကျော်သာ ရှိတယ်လို့ ပညာရေးအသိုင်းအဝိုင်းကသိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up