close

ပြည်တွင်းစစ်၏တရားခံဟာ အကြမ်းဖက်စစ်အုပ်စုဖြစ်ဟု NUG ကာကွယ်ရေး ဒုဝန်ကြီးပြော

ပြည်တွင်းစစ်ရဲ့ တရားခံက အကြမ်းဖက်စစ်ကောင်စီဖြစ်ပြီး ပြည်တွင်းစစ်ဖြစ်အောင် စစ်ကောင်စီကပဲ လုပ်ဆောင်နေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုးကပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က ဒုတိယအကြိမ်မြောက်ကျင်းပတဲ့ NUG အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဟာ  တရားဝင်အစိုးရဆီကနေ နိုင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း ပြည်တွင်းမှာ စစ်ရေးအရ ထိခိုက်မှုတွေဖြစ်လာတာလို့ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုမှာ ပါဝင်နေကြတဲ့ သူတွေအနေနဲ့ တရားဝင်အစိုးရနဲ့ပူးပေါင်းပြီး အာဏာသိမ်းမှုကို ရပ်ဆိုင်းလိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်း စစ်ဖြစ်လာနိုင်တဲ့ အခြေအနေတွေ စစ်ရေးနဲ့ပတ်သတ်ပြီး ထိတွေ့နိုင်တဲ့ အခြေနေတွေအားလုံးလည်း ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဒုဝန်ကြီး ဒေါ်ခင်မမမျိုးက ပြောပါတယ်။

အမျိုသားညီညွတ်ရေးအစိုးရအဖွဲ့က ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဟာ လက်နက်ကိုင်ပြီး တော်လှန်တဲ့တပ်မတော်တစ်ရပ်မဟုတ်ဘဲ မြန်မာနိုင်ငံမှာ ပြည်သူကို ကာကွယ်ပေးတဲ့ တပ်မတော်ဆိုတာမရှိတော့တဲ့အတွက် တရားဝင်အစိုးရတစ်ရပ်အနေနဲ့ တပ်မတော်တစ်ရပ်ရှိဖို့ဆိုတဲ့ အခြေခံအပေါ်မှာ တည်ထောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်နေတဲ့ စစ်ကောင်စီဟာ အကြမ်းဖက် စစ်အုပ်စု တစ်ခုသာဖြစ်တယ်လို့ ကာကွယ်ရေးဒုဝန်ကြီးကပြောဆိုပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို လုယူခဲ့ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ပြည်သူ ၈၀၀ ကျော်ကို အကြမ်းဖက် သတ်ဖြတ်ကာ ပြည်သူ ၅၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဒါပေမဲ့ အာဏာသိမ်းစစ်ကောင်စီကတော့ သေဆုံးသူ ၈၀၀ ကျော်ဆိုတာကို လက်မခံငြင်းဆန်ဆန်နေပြီး  သေဆုံးသူ ၃၀၀ ကျော်သာရှိတဲ့အကြောင်းနဲ့  အကြမ်းဖက် လုပ်ရပ်တွေလုပ်ဆောင်ခဲ့တာကြောင့် ပစ်သတ်ခဲ့တာဖြစ်တယ်လို့  ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up