close

သိန္နီတွင် SSPP/SSA က အတင်းအဓမ္မ လူသစ်စုဆောင်းနေသဖြင့် ဒေသခံများ ထွက်ပြေး

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် ခမ်းတိန်းကျေးရွာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က လူသစ်စုဆောင်းရာမှာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေတဲ့အတွက် လူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဇွန် ၂၉ ရက်နေ့မှာ ဒေသခံရွာသားတွေက ဒီဗွီဘီကို ပြောပါတယ်။

ဇွန် ၂၈ ရက် ညပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က လူသစ်စုဆောင်းရာမှာ ကျေးရွာတစ်ရွာ လူ ၅  ဦးနှုန်း လူငယ်အမျိုးသားတွေအပြင် အမျိုးသမီးငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေရှိတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတာပါ။

"လူငယ်ယောကျ်ား မိန်းမ မကျန် ထွက်ပြေးတိမ်းရှောင်နေရတယ်။ အခုရွာတွေမှာ ဘယ်အဖွဲ့အစည်းလာလာ အကြောက်တရားနဲ့ ရင်ဆိုင်နေရတဲ့အတွက် လူ့အခွင့်အရေးနဲ့  ဥပဒေစိုးမိုးမှုဆိုတာ လုံးဝမရှိတော့ဘူး" လို့ ဖမ်းဆီးခေါ်ဆောင်ခံရသူနဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက ဆိုပါတယ်။

အတင်းအဓမ္မ လူသစ်စုဆောင်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ကျေးရွာဟာ သိန္နီမြို့အာဏာပိုင်အဖွဲ့အစည်းနဲ့ စစ်ကောင်စီတပ်တွေ ဝိုင်းရံစိုးမိုးထားတဲ့ အနီးအနားက ကျေးရွာဖြစ်ပါတယ်။

သိန္နီမြို့နယ်မှာ ကျေးရွာအုပ်စု ၃၂ စု၊ ကျေးရွာပေါင်း ၁၈၅ ရွာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)က လူသစ်စုဆောင်းတာတွေ ပြုလုပ်နေတယ်လို့ ကျေးရွာတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ 

ဇွန် ၂၈ ရက်နေ့က နမ့်ခမ်းမြို့နယ် မန်ဆွမ်းကျေးရွာသားတစ်ဦး သေဆုံးတာ၊ စစ်သားစုဆောင်းတာနဲ့ ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ကို နမ့်ခမ်းမြို့ ရှမ်းလူထုတွေက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသလို ဆန္ပြပွဲအတွင်း ဗုံးပေါက်ကွဲခဲ့တဲ့အတွက် လူတစ်ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up