မိုင်ယာမီကမ်းခြေရှိ ကွန်ဒိုမီနီယံ ပြိုကျမှု သေဆုံးသူဦးရေ ၂၈ ယောက်အထိရှိလာ

အမေရိကန်နိုင်ငံ မိုင်ယာမီမြို့ ကမ်းခြေက ကွန်ဒိုမီနီယံ ပြိုကျမှုကြောင့် သေဆုံးသူ ဦးရေဟာ ဇူလိုင် ၅ ရက်မှာ ၂၈ ယောက်အထိ မြင့်တက်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
ဖလော်ရီဒါပြည်နယ်က ၁၂ ထပ် လူနေအဆောက်အအုံ ပြိုကျအပြီး ၁၁ ရက်အကြာမှာ နောက်ထပ် လူ ၁၁၇ ယောက်က ပျောက်ဆုံးနေဆဲပါ။
ပြိုကျကတည်းက ရှာဖွေကယ်ဆယ်ရေးသမားတွေက ပျောက်ဆုံးသူတွေကို အခုထိ ၂၄ နာရီပတ်လုံးနီးပါး ရှာနေကြပါတယ်။
အပူပိုင်းမုန်တိုင်း အယ်လ်ဆာက ဒေသတွင်း တိုက်ခတ်ဖို့ ချဉ်းကပ်လာနေလို့ ရှာဖွေ ကယ်ဆယ်ရေးသမားတွေ ပိုတိုးရှာနိုင်အောင် အဆောက်အအုံရဲ့ ကျန်တဲ့အစိတ်အပိုင်းကို တနင်္ဂနွေညမှာ ဖြိုချခဲ့ရပါတယ်။
ကယ်ဆယ်ရေးသမားတွေအတွက် အန္တရာယ် ခြိမ်းခြောက်မှု ဖြစ်နေလို့ ပြိုမလို ဖြစ်နေတဲ့ အဆောက်အအုံရဲ့ ကျန်ရစ်တဲ့အစိတ်အပိုင်းတွေကို ထိန်းချုပ်ဖြိုချဖို့ အရာရှိတွေက ဆုံးဖြတ်ခဲ့တာပါ။
ဖြိုချအပြီးမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ အဆောက်အအုံရဲ့ အောက်ခြေက နေရာ တခုလုံးကို ရှာနိုင်ပြီလို့ မိုင်ယာမီ ဒါဒီမြို့တော်ဝန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ခုချိန်ထိ အပျက်အစီးတွေအောက်က အသက်ရှင် ကျန်ရစ်သူ တယောက်ကိုမှ မဆွဲထုတ် နိုင်သေးပါဘူး။