close

စစ်ကောင်စီက မီတာခများအတင်းအကျပ်ကောက်ခံနေစဉ် လျှပ်စစ်ရုံးများ၌ ဗုံးပေါက်ကွဲ

အာဏာသိမ်း စစ်ကောင်စီက  ပြည်သူလူထုတွေဆီကနေ မီတာခတွေ အတင်းအကျပ်လိုက်လံ ကောက်ခံနေစဉ် ရန်ကုန်မြို့ရှိ လျှပ်စစ်ရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ 

မင်္ဂလာဒုံမြို့နယ် လျှပ်စစ်ရုံးမှာ  ဇူလိုင်လ ၉ ရက် ဒီနေ့ မနက်ပိုင်းက  ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

ပေါက်ကွဲသံ အကျယ်ကြီးကြားရကြောင်းနဲ့  ပေါက်ကွဲမှုကြောင့် လျှပ်စစ်ရုံး တံခါးတွေ ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးနေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီနေ့မနက် လမ်းမတော်နဲ့ စမ်းချောင်းမြို့နယ်မှာလည်း မီတာခပေးတဲ့ရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သလို တာမွေမြို့နယ် လျှပ်စစ်ရုံးမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက  ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

စမ်းချောင်းမြို့နယ်ရှိ လျှပ်စစ်မီတာရုံးထဲမှာ ဇူလိုင် ၉ ရက် မနက် ၁၀ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဝန်ထမ်းတွေထွက်ပြေးလာတာတွေ့ရတယ်လို့ မျက်မြင်တွေ့သူ ၁ ဦးက ဒီဗွီဘီကိုပြောပါတယ်။

" လူတော့ သိပ်မရောက်သေးဘူး ရုံးထဲက ထပေါက်တာ အကုန်ထွက်ပြေးလာတာတွေ့တယ် ထိတာ မထိတာတော့ မပြောတတ်သေးဘူး''လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ရောက်ရှိလာပြီး လမ်းပိတ်ကာ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

မီတာခမပေးတဲ့ နေအိမ်တွေကို မီးဖြတ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်နေတာရှိသလို ပြည်သူ တွေအနေနဲ့ မိမိတို့သုံးစွဲခဲ့တဲ့ လျှပ်စစ်မီတာခတွေကို လစဉ်ပုံမှန်ပေးဆောင်ကြဖို့လည်း စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပန်ကြားချက်ထုတ်ပြန်ထားပါတယ်။ 

လျှပ်စစ်ဓာတ်အားခတွေကို  ပေးဆောင်မှသာ စဉ်ဆက်မပြတ်ဓာတ်အားထုတ်လုပ် ဝယ်ယူဖြန့်ဖြူးပေးနိုင်မယ်လို့လည်းဆိုပါတယ်။ 

အကြမ်းဖက်စစ်အုပ်စုကို သက်ဆိုးရှည် ဝင်ငွေရစေတဲ့ မီတာခတွေအပါအဝင်  အခွန်အခတွေ မပေးဆောင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ( အန်ယူဂျီ) ကတိုက်တွန်းထားသလို  ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ (ဖ.ဆ.လ.တ) ကလည်း မီတာခတွေမဆောင်ကြဖို့ ပြည်သူတွေကို အသိပေးကြေညာထားပါတယ်။ 

ရန်ကုန်၊ လမ်းမတော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်ရှိ စစ်ကောင်စီလူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင် ပိုင်ဆိုင်တဲ့ ရွှေနန်းတော် စိန်ရွှေရတနာအရောင်းဆိုင်မှာလည်း ဇူလိုင် ၈ ရက် မွန်းလွဲ ၂ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပါတယ်။

ဒါ့အပြင် အနော်ရထာလမ်းနဲ့ သိမ်ဖြူလမ်းထောင့်မှာရှိတဲ့ အတွင်းဝန်များရုံး (ဝန်ကြီးများရုံးဟောင်း) အနီးမှာလည်း မနေ့က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။  

Photo-MNM/HTL

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up