close

ကန်ထရိုက်စနစ်ဖြင့်အလုပ်ခန့်မည့်ကိစ္စ ပညာရှင်များကို စော်ကားခြင်းဖြစ်ဟု ဆရာဝန်များပြော

ကိုဗစ်-၁၉ ရောဂါကုသဖို့အတွက် ဆရာဝန်တွေကို ကန်ထရိုက်စနစ်နဲ့အလုပ်ခန့်မယ်လို့ စစ်ကောင်စီခေါင်းဆောင်ပြောဆိုတာဟာ ပညာရှင်တွေရဲ့ ဂုဏ်သိက္ခာကို စော်ကားတာလို့ ဆရာဝန်တွေက တုံ့ပြန်ပြောကြားလိုက်ပါတယ်။ 

စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်း ၈၀ ရာခိုင်နှုန်းဟာ အာဏာဖီဆန် CDM ဝင်ခဲ့တဲ့အတွက် ကိုဗစ်ရောဂါဆိုးရွားလာချိန်မှာ စစ်ကောင်စီက ကိုင်တွယ်ဖြေရှင်းဖို့ အခက်အခဲကြုံနေရတာပါ။ 

နိုင်ငံတွင်းမှာ လတ်တလောမြင့်တက်လာတဲ့ ကိုဗစ်-၁၉ ရောဂါပြဿနာအတွက် ဆရာဝန်တွေကို ကန်ထရိုက်စနစ်နဲ့ ခန့်ထားမယ်လို့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ 

ဒီပြောဆိုချက်ဟာ ပညာတတ်တွေရဲ့ဂုဏ်သိက္ခာကို စော်ကားတာဖြစ်တယ်လို့ PDF တပ်ဖွဲ့ဝင် ဆရာဝန် တစ်ယောက်ကပြောပါတယ်။

"တစ်လတစ်သိန်းနဲ့ စရိတ်ငြိမ်း နေ့စားလုပ်အားပေးခေါ်တာပါ။  အရင်အစိုးရတုန်းက ကျနော်တို့ လုပ်အားပေးလုပ်ခဲ့တုန်းက လခမယူပါဘူး။ အဲ့ဒီတုန်းက အဆင်ပြေတယ်ဗျာ ကျနော်တို့ စေတနာပါပါနဲ့လုပ်ပေးခဲ့ရတာ။ ကျနော်တို့အားလုံးက ပိုက်ဆံရလို့ လုပ်ခဲ့တာမဟုတ်ဘူး။ နိုင်ငံ့အရေး ဝိုင်းလုပ်ကြရမယ်ဆိုပြီး လုပ်ခဲ့ကြတာပါ။  အာဏာရှင်ကိုမကြိုက်လို့ တော်လှန်နေပြီပဲဗျာ။ အစကတည်းက ကျနော်တို့ ဂုဏ်သိက္ခာကို ထိတယ်ဆိုတဲ့ ခံစားချက်ကိုရတယ်။ သူတို့ဖြစ်စေချင်တာက ကျနော်တို့မရှိလေ ကောင်းလေဆိုတဲ့ ခံစားချက်မျိုးဗျာ။ ပညာတတ်တွေမရှိလေ သူတို့အုပ်ချုပ်ရလွယ်လေဆိုတဲ့ ခံစားချက်မျိုးပေါ့။ ကျနော်တို့ ဒီမှာ လက်နက်ကိုင်နေတဲ့ဆရာဝန်အများကြီးရှိတယ်။ ကျနော်တို့က ထိုင်ပဲရီ(ရယ်) နေတာပေါ့"။

နိုင်ငံရေးစီးပွားရေးအခြေအနေတွေအရ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာလည်း စားဝတ်နေရေးအတွက် အခက်အခဲရှိနေပေမယ့် စစ်ကောင်စီလက်အောက်မှာတော့ အလုပ်လုပ်ကြမှာမဟုတ်ဘူးလို့  စာရေးဆရာ ဒေါက်တာစိမ့်စမ်းဖြူက ပြောပါတယ်။

"ကျန်းမာရေးစနစ်ဆိုတာ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေနဲ့လည်ပတ်တာလေ သူအဲ့ဒီလိုခေါ်တိုင်း ဆရာဝန်တွေလာမယ်လို့ ထင်လို့လားပေါ့။ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေဟာ ရပ်တည်ရခက်နေပေမယ့် ဒါကြီးကိုကြောက်ပြီးတော့ ဝင်ငွေရမယ်ဆိုပြီး ကန်ထရိုက်ဆီပြေးပြီးလာမှာမဟုတ်ဘူး။ သူဘယ်လိုပဲ ခေါ်ခေါ်အောင်မြင်မှာမဟုတ်ဘူး။ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေရဲ့ယုံကြည်ချက်က တစ်ခုတည်းပဲလေ။ ပြည်သူ့ကျန်းမာရေးကို တကယ်စိုးရိမ်တယ်ဆိုရင် အာဏာပြန်လွှဲလိုက်ပါ။ ဘဝတွေဟာ ချက်ချင်းပြန်ထိုးတက်လာမှာ အသေအချာပါပဲ။"

CDM ဝင်ထားတဲ့ အောက်ခြေကျန်းမာရေးဝန်ထမ်းတွေကလည်း စစ်ကောင်စီက ဘယ်လိုပြန်ခေါ်ခေါ် လုပ်ငန်းခွင်ပြန်ဝင်ဖို့ အစီအစဉ်မရှိဘဲ စစ်ကောင်စီဥက္ကဋ္ဌပြောတဲ့ ကန်ထရိုက်စနစ်နဲ့ အလုပ်ခန့်မယ်ဆိုတာကလည်း ဟာသတစ်ခုပဲဖြစ်တယ်လို့ သူနာပြုဆရာမတစ်ဦးက ပြောပါတယ်။

"အဲ့ဒါလည်း ဟာသတစ်ခုပဲ။ ကန်ထရိုက်စနစ်နဲ့ခေါ်မယ်ဆိုတာ ဘာလဲ။ တခြားကဏ္ဍတွေကို ကန်ထရိုက်စနစ်နဲ့ ခေါ်တာတော့နားလည်တာပေါ့။ သူတို့ ဘယ်စနစ်နဲ့ခေါ်ခေါ်လေ ဒီဘက်က လူတွေက မလုပ်ဘူးဆိုရင် မလုပ်ဘူးဆိုတာချည်းပဲလေ။ ဒီဟာကလူတွေလေ ပညာရှင်တွေလေ ဘယ်လိုကန်ထရိုက်စနစ်လဲ။"

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ဇူလို ၁၀ ရက်နေ့ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၄,၃၇၇ ယောက်၊ သေဆုံးသူ ၇၁ ယောက် ရှိခဲ့ပါတယ်။ ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၁၈၈,၇၅၂ ယောက်နဲ့ စုစုပေါင်းသေဆုံးသူ  ၃,၇၅၆ ယောက် ရှိလာပါတယ်။ 

မြေပြင်အခြေအနေတွေအရ သေဆုံးနှုန်းဟာ စစ်ကောင်စီထုတ်ပြန်တာထက် ပိုများလာလိမ့်မယ်လို့ ကျွမ်းကျင်သူတချို့က ခန့်မှန်းပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up