မြန်မာအပါအဝင် ၄ နိုင်ငံကို ဗြိတိန်က ခရီးသွားဝင်ရောက်ခွင့်ဆိုင်ရာ အနီရောင်အဆင့်သတ်မှတ်

လတ်တလော ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံ အပါအဝင် ၄ နိုင်ငံကို ဗြိတိန်နိုင်ငံက ခရီးသွားဝင်ရောက်ခွင့်ဆိုင်ရာ အနီရောင်အဆင့် တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
ဒီနိုင်ငံတွေထဲမှာတော့ မြန်မာနဲ့အတူ အင်ဒိုနီးရှား၊ ကျူးဘားနဲ့ ဆီရီရာလီယွန်နိုင်ငံတွေ ပါဝင်နေပါတယ်။ အဆိုပါနိုင်ငံတွေကို ခရီးသွားရာဇဝင်ရှိခဲ့ပြီး ဗြိတိန်နိုင်ငံတွင်း ဝင်ရောက် လာသူတွေဟာ အစိုးရချမှတ်ထားတဲ့ စည်းမျဉ်းနဲ့အညီ ၁၁ ရက် ဟိုတယ်ကွာရန်တင်းဝင် ရမှာဖြစ်ကာ တယောက်ကို ပေါင် ၁၇၅၀ ကျသင့်မယ်လို့ ဆိုပါတယ်။
ဒီသတ်မှတ်ချက်ဟာ လာမယ့် ဇူလိုင် ၁၉ ရက် မနက် ၄ နာရီမှာ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။
အာဆီယံဒေသတွင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ သန်းနဲ့ချီ ရှိနေပြီး ဒေသတွင်း ကူးစက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာတော့ ကူးစက်ခံရသူပေါင်း ၂ သိန်းကျော်၊ သေဆုံးသူ ၄ ထောင်ကျော်နဲ့ အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုနဲ့ သေဆုံးမှုအမြင့်ဆုံး ထိပ်တန်း ၅ နိုင်ငံထဲမှာ ပါဝင်လာခဲ့ပါတယ်။