စစ်ကောင်စီရဲ့ ပယောဂကြောင့် သေဆုံးခဲ့ရသည့် ကျဆုံး ပြည်သူ ၉၂၂ ဦးရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၅ လခွဲကျော်အကြာ အာဏာသိမ်း စစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၂၂ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၂၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင် တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၈၅၀ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၃၁၅ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၅၅ ယောက်က တော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအ ဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၆၃ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းဟာ အင်းစိန် အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရချိန်မှာ ကို ဗစ်-၁၉ ရောဂါကူးစက်ရောဂါကို ခံစားခဲ့ရပြီး ထောင်တွင်းမှာ လုံလောက်တဲ့ ဆေးဝါးကု သမှု မရရှိတာကြောင့် အခြေအနေဆိုးရွားလာချိန် ရန်ကုန်ဆေးရုံကြီးမှာ လွှဲပြောင်းကုသ မှုခံယူနေချိန် ဇူလိုင် ၂၀ ရက်မှာ ကျဆုံးသွားခဲ့ပါတယ်။
တရက်တည်းမှာပဲ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းကြိုင်ဟာလည်း အင်းစိန်အကျဉ်းထောင်တွင်း ထိန်းသိမ်းခြင်းခံထားရချိန်အတွင်းမှာပဲ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီး ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ(NLD)ဒုဥက္ကဋ္ဌ ဦးအေးလှဟာ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာ တွေကြောင့် ဇူလိုင် ၁၉ ရက်နေ့က ဒိုက်ဦး(ကျိုက်ဇကော)အကျဉ်းထောင်တွင်းမှာ ကျဆုံး သွားခဲ့ပါတယ်။ သူ့ရဲ့သားဖြစ်သူ ကျောက်တံခါးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ် စားလှယ် ဦးလင်းလင်းကျော်ကို ဖမ်းဆီးရမိခြင်းမရှိတာကြောင့် ဦးအေးလှကို ပီဒီအက်ဖ် တွေကို သင်တန်းပေးတယ်၊ လက်နက်တွေ ကိုင်ဆောင်တယ်လို့ အမှုဆင်ကာ အကြမ်း ဖက်စစ်အုပ်စုက ဇွန် ၁၆ ရက်နေ့ကတည်းက ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။
အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်းကြားဖို့ လည်း အသိပေးထားပါတယ်။