ဘန်ကောက်တွင် ကာကွယ်ဆေး သွားထိုးရာက တအိမ်သားလုံး ကိုဗစ်-၁၉ ကူးစက်ခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဘန်ဆိနယ်မြေ ဗဟိုမီးရထားဘူတာရုံမှာ အစိုးရအစီအစဉ်နဲ့ အက်စတာ့အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး အခမဲ့ထိုးပေးနေတာကြောင့် လူတွေကြိတ်ကြိတ်တိုးများပြားခဲ့ပါတယ်။
ဘူတာရုံမှာ ကာကွယ်ဆေးသွားထိုးခဲ့တဲ့ သားအဖ ၂ ယောက်လည်း ဆေးထိုးပြီးနောက် နေမကောင်းလို့ ဆေးစစ်ကြည့်ရာမှာ တအိမ်သားလုံး ကိုဗစ်-၁၉ ကူးစက်ခံနေရတာတွေ့ရတယ်လို့ Amarin ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ကူးစက်ခံရတဲ့မိသားစုက သူတို့ရောက်ခဲ့တဲ့နေရာတွေကို လူမှုကွန်ရက်မှာ ဖော်ပြရာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်မနက် ၁၁ နာရီလောက်က သားအဖနှစ်ယောက် ကာကွယ်ဆေးထိုးဖို့ ဘန်ဆိဘူတာ ရုံမှာသွားတန်းစီခဲ့ကြောင်း ၊ အစပိုင်းမှာလူသိပ်မများပေမယ့် နောက်ပိုင်းလူတွေတဖြေးဖြေး များလာပြီး မိမိနာမည်ခေါ်နိုးနဲ့ ဆက်လက်စောင့်ဆိုင်းရာ ညနေ ၄ နာ ရီ မှ ဆေးထိုးရတယ်လို့ ဆိုပါတယ်။
ဆေးထိုးပြန်လာပြီး နောက်ရက်ကစလို့ အဆိုပါ သားအဖ ၂ ယောက်အပါအဝင် မိခင်ဖြစ်သူနဲ့ တခြားညီအစ်ကိုတွေ တစ်ယောက်ပြီး တစ်ယောက် ဖျာနာပြီး ကိုဗစ်ရောဂါ လက္ခဏာတွေတွေ့ရတာတကြောင့် Rapid Test နဲ့ တအိမ်သားလုံး ကိုစစ်ဆေး တိုင်းကြည့်ရာမှာ အားလုံးအနီရောင်ပြနေလို့ ဆေးရုံမှာ သေချာအောင် ထပ်သွားစစ်တော့ တအိမ်သားလုံး positive ဖြစ်နေတာလို့ ဆိုပါတယ်။
သူတို့မိသားစုဟာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ကိုဗစ် ၁၉ ရောဂါမကူးစက်အောင် အထူး ဆင်ခြင်ခဲ့ကြကြောင်း၊ အိမ်ကိုလည်း အပြင်လူ၊ ဧည့်သည်အဝင်မခံဘဲ ကာကွယ်ဆေး သွားတန်း စီတဲ့နေ့ကလည်း Mask နှစ်ထပ်တပ်ထားတာတောင်မှ ကူးစက်ခံခဲ့ရတာလို့ ဆိုပါတယ်။
ဆေးရုံဆေးခန်းမှာ လူနာတွေပြည့်နေတာကြောင့် တမိသားစုလုံး မိမိအိမ်ကနေဘဲ Home Isolation ( အိမ်မှာသီးသန့်ခွဲနေ ) ပြီး အွန်လိုင်းပေါ်ကနေ ဆရာဝန်ညွှန်ကြားချက်နဲ့ နေထိုင်နေတယ်လို့ ဆိုပါတယ် ။
ဒီကိစ္စ သတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်လာပြီးတဲ့နောက် အဆိုပါ ကာကွယ်ဆေး ထိုးတဲ့ ဘူတာရုံမှာ ဦးရာလူစနစ်နဲ့ မဟုတ်တော့ဘဲ ကြိုတင်အမည်စာရင်းပေးသွင်းပြီး မိမိနာမည်နဲ့ အမှတ်စဉ်အတိုင်း လာထိုးဖို့ ၊ တန်းစီရာနေရာကိုလည်း စနစ်တကျခပ်ခွါခွါစီစဉ်လိုက်တယ်လို့ ထိုင်းသတင်းမှာ ရေးပါတယ်။
Photo- Khaosod