close

ဟားမတ်စ်လက်နက်သိုလှောင်ရုံကို အစ္စရေးလေတပ်က ပစ်ခတ်တိုက်ခိုက်

အစ္စရေးလေယာဉ်တွေဟာ ဂါဇာကမ်းမြောင်ဒေသမ  ဟားမတ်စ်တွေရဲ့ လက်နက် သိုလှောင်ရုံနဲ့ လက်နက်ထုတ်တဲ့ စက်ရုံတွေအပါအဝင် ၄ နေရာကို သြဂုတ် ၂၁ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ စစ်တပ်က ပြောပါတယ်။

အစောပိုင်းက နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေကြောင့် အစ္စရေးစစ်သည် တစ်ဦးနဲ့ ပါလက်စတိုင်း ၄၁ ဦး ဒဏ်ရာရခဲ့တာပါ။

ရန်လိုတာတွေ ပိုများလာတာကို ဟန့်တားဖို့ ဂါဇာနယ်စပ်မှာ တပ်ကူတွေ လွှတ်ထားတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

စစ်တပ်ဟာ သူ့ရဲ့ အိုင်းယန်းဒွန်းမ် ဒုံးကျည်ကာကွယ်ရေးစနစ်ကိုလည်း ပိုတိုးပြီး တပ်ချထားပြီလို့ အစ္စရေးမီဒီယာတွေက ဖော်ပြပါတယ်။

မေလတိုက်ပွဲတွေအပြီး အီဂျစ်က ကြားဝင်စေ့စပ်ပေးတဲ့ အပစ်အခတ် ရပ်စဲရေး အဆင့်မြှင့်တဲ့အနေနဲ့ ဂါဇာကို ကာတာနိုင်ငံကပေးတဲ့ အကူအညီတွေ ပြန်စမယ်လို့ အစ္စရေး ကြေညာအပြီးမှာ အကြမ်းဖက်တာတွေ ပေါ်ပေါက်ခဲ့တာပါ။

ကြေညာအပြီး ရက်ပိုင်းမှာပဲ ဂါဇာက စစ်သွေးကြွတွေက အစ္စရေးကို ဒုံးကျည်တစ်စီးနဲ့ ပစ်ခတ်ခဲ့ပေမယ့် အစ္စရေးရဲ့ အိုင်းယန်းဒွန်းမ် ဒုံးကျည်ကာကွယ်ရေးစနစ်က ကြားဖြတ် ပစ်ချနိုင်ခဲ့ပါတယ်။

ပါလက်စတိုင်းတွေက တိုက်ပွဲပြီးတည်းက အစ္စရေးဘက်ကို မီးလောင်စေတဲ့ပစ္စည်းတွေ တပ်ဆင်ထားတဲ့ မီးပုံတွေကို လွှတ်တင်ခဲ့ပါတယ်။

မေလ ပဋိပက္ခကစပြီး ခုထိ ပါလက်စတိုင်း အယောက် ၂၅၀ ထက်မနည်းနဲ့ အစ္စရေး ၁၃ ယောက် သေဆုံးခဲ့ပြီးပါပြီ။

ဂါဇာက စစ်သွေးကြွတွေက အစ္စရေးမြို့တွေဆီ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့သလို အစ္စရေးကလည်း ဂါဇာကမ်းမြောင်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

ပါလက်စတိုင်း ဦးရေ ၂ သန်းနေတဲ့ ဂါဇာကမ်းမြောင်ကို  အစ္စရေးက ပိတ်ဆို့ထားပြီး အသွားအလာ ကန့်သတ်ထားပါတယ်။ အီဂျစ်ကလည်း ကမ်းမြောင်ကို  ဆက်ပြီးကန့်သတ်ထားပြီး ဟားမတ်စ်တွေရဲ့ ခြိမ်းခြောက်မှုကြောင့် ကန့်သတ်ရတာလို့ အစ္စရေးနဲ့ အီဂျစ် နှစ်ဘက်စလုံးက ပြောခဲ့ကြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up