close

ကမ္ဘာ့အကြီးဆုံး ဟာလာ‌ဈေးရောင်းပွဲတော်တွင်ပါဝင်ရန် မြန်မာစွန့်ဦးတီထွင်လုပ်ငန်းရှင်များကို ဖိတ်ခေါ်

မကြာခင်ကျင်းပမဲ့ ကမ္ဘာ့အကြီးဆုံး ဟာလာပွဲတော်ဖြစ်တဲ့ မလေးရှားနိုင်ငံတကာဟာလာပွဲတော် (MIHAS) မှာ ပါဝင်ဆင်နွှဲဖို့ မြန်မာ့စီးပွားရေး လုပ်ငန်းခေါင်းဆောင်များနဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်  တွေကို ဖိတ်ခေါ်နေပါတယ်။

ဒစ်ဂျစ်တယ်နည်းလမ်းတွေနဲ့ ရောင်းဝယ်ဖောက်ကားတာကို ဖန်တီးလုပ်ဆောင်ပေးသွားမဲ့ ပထမဆုံး ပွဲတော်လည်း ဖြစ်ပြီး စက်တင်ဘာ ၉ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မလေးရှားပြင်ပ ကုန်သွယ်မှုဖွံ့ဖြိုးရေးကော်ပိုရေးရှင်း(MATRADE)က ဦးစီးကျင်းပတဲ့ ဒီပွဲတော်ဟာ အရည်အသွေး မြင့်မားတဲ့ ဟာလာထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို နယ်စပ်ဖြတ်ကျော် ဝယ်ယူရောင်းချနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

MATRADE အမှုဆောင်အရာရှိချုပ် Mohd Mustafa Abdul Aziz က “ဒစ်ဂျစ်တယ်နည်းလမ်းအရ ရောင်းဝယ်ဖောက်ကားနိုင်မှုဟာ စီးပွားရေးဆိုင်ရာ ကြံ့ကြံ့ခံနိုင်မှုကို ပြန်လည်တည်ဆောက်ရာမှာ အခရာကျပါတယ်။ လက်ရှိခေတ်ရေစီးကြောင်းနဲ့အမီ လိုက်နိုင်ဖို့နဲ့ လတ်တလော ကပ်ရောဂါ အခြေအနေတွေကြောင့် MIHAS က ဒီနှစ်မှာတော့ ဟာလာလုပ်ငန်းနယ်ပယ်အတွက် ကူညီပံ့ပိုးတဲ့ သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကုန်သွယ်ရေး မိတ်ဖက်တွေကို ဒစ်ဂျစ်တယ်ပလက်ဖောင်း တခုတည်း အောက်မှာ ယူဆောင်လာမှာပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

MIHAS ဟာ ပြခန်းခင်းကျင်းပြသသူတွေ၊ လေ့လာသူတွေနဲ့ ပါဝင်သူတွေကို AI အကူအညီနဲ့ စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ချိတ်ဆက်ပေးတာ၊ မတူညီတဲ့ စံတော်ချိန်တွေက တဆင့် ဘယ်အချိန်မှာမဆို တိုက်ရိုက်ချိတ်ဆက် ပြောဆိုနိုင်တာ၊ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ခင်းကျင်းပြသတာ စတာတွေကို စီစဉ်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ မလေးရှားကုန်သွယ်ရေး မဟာမင်းကြီး Mr. Azahar Mohamed က “ဒစ်ဂျစ်တယ် စနစ်ကို ကူးပြောင်းခြင်းအားဖြင့် MIHAS က သူ့ရဲ့ လက်လှမ်းမီနိုင်မှုနဲ့ သက်ရောက် မှုတွေကို ပိုပြီး ချဲ့ထွင်လိုက်နိုင်ပါတယ်။ အဲဒါက ဟာလာလုပ်ငန်းတွေ တိုးတက်လာနေတဲ့ မြန်မာ အပါအဝင် မလေးရှားရဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမိတ်ဖက်တွေနဲ့ ပိုပြီးတော့ ချိတ်ဆက် လုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်းတခုအဖြစ် ဖန်တီးပေးပါတယ်” လို့ ပြောပါတယ်။

ဒီပွဲတော်မှာ  ပညာရေး၊ ဆေးဝါးပစ္စည်း၊ ဝန်ဆောင်မှုများနဲ့ ပံ့ပိုးပေးသူများ၊ ကုန်အမှတ်တံဆိပ် အသုံးပြုခွင့် (franchise)၊ လုံခြုံ ရိုးရှင်းတဲ့ ဖက်ရှင်၊ ဘဏ္ဍာရေး၊ အလှကုန်တွေနဲ့ တကိုယ်ရည် ထိန်းသိမ်း စောင့်ရှောက်မှု၊ မီဒီယာနဲ့ အပန်းဖြေမှု၊  ခရီးသွားလာမှု၊ အွန်လိုင်း ကူးသန်းရောင်းဝယ်မှုနဲ့ စားသောက်ကုန် နည်းပညာတို့ကို ပြသသွားမှာ ဖြစ်ပြီး ဟာလာဂေဟစနစ်တခုလုံးက အပြည်ပြည်ဆိုင်ရာ ဝယ်လက်တွေနဲ့ ကုန်သွယ်ရေးလေ့လာသူ ၁၅၀၀၀ ကျော် ပါဝင်ဆင်နွှဲကြမယ် လို့လည်း ထုတ်ပြန်ထားပါတယ်။

ပွဲတော်မှာ ပါဝင်ပြသနိုင်ဖို့အတွက် Trade Commissioner (Economic Counsellor)၊ မလေးရှားပြည်ပ ကုန်သွယ်မှုဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ရေး (MATRADE)၊ အီးမေးလ် [email protected] ကို ဆက်သွယ်နိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up