ဥရောပအကောင်းဆုံးကစားသမားဆုကို ကန်တေနှင့် ဒီဘရိုင်းကိုကျော်ဖြတ်ပြီး ဂျော်ဂျင်ဟို ရရှိ

ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ အသင်းဖော် ကန်တေနဲ့ မန်စီးတီးက ဒီဘရိုင်းတို့ကို ကျော်ဖြတ်ပြီး ဥရောပ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ရရှိသွားပါတယ်။
အသက် ၂၉ နှစ်ရှိ ဂျော်ဂျင်ဟိုဟာ ချဲလ်ဆီးနဲ့အတူ ဥရောပချန်ပီယံ၊ ဥရောပစူပါဖလား ချန်ပီယံဆုတွေရရှိခဲ့သလို အီတလီနဲ့လည်း ယူရိုချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့တာပါ။
ဒီလိုအရေးပါတဲ့ ဆုပေးပွဲကို ကန့်သတ်ချက်စည်းမျဉ်းတွေကြောင့် လာရောက်မယူနိုင်တာကို စိတ်မကောင်းဖြစ်ပေမယ့် ဆုရရှိခဲ့တဲ့အတွက်တော့ ကျေနပ်ပျော်ရွှင်မိတယ်လို့ ဂျော်ဂျင်ဟိုက ပြောပါတယ်။
ဒီဆုရရှိအောင် ပူးပေါင်းပါဝင်ကူညီပေးခဲ့သူ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ရှိပြီး ပရိသတ်တွေ၊ မိတ်တွေနဲ့ မိသားစုဝင်တွေကိုလည်း ကျေးဇူးတင်ကြောင်း ဂျော်ဂျင်ဟိုကပြောပါတယ်။
ယူအီးအက်ဖ်အေဟာ နေရာအလိုက် အကောင်းဆုံးဆုတွေလည်း ချီးမြှင့်ခဲ့ပြီး ဂိုသမားဆုကို ချဲလ်ဆီးက မန်ဒီ၊ နောက်တန်းဆုကို မန်စီးတီးက ရူဘင်ဒိုင်ယက်ဖ်၊ ကွင်းလယ်ဆုကို ကန်တေ၊ အကောင်းဆုံး တိုက်စစ်မှူးဆုကို ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းတို့က ရရှိခဲ့ပါတယ်။
အကောင်းဆုံးနည်းပြဆုကိုလည်း ချဲလ်ဆီးနည်းပြ တူချယ်ကပဲ ရယူနိုင်ခဲ့ပါတယ်။