တောင်တွင်းကြီးတွင် လူငယ် ၁ ဦး ရိုက်နှက်ဖမ်းဆီးခံရ

တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း ၁ ရပ်ကွက်မှာ နေထိုင်တဲ့ လူငယ် ၁ ဦးကို စစ်ကောင်စီတပ်တွေက သြဂုတ် ၂၈ ရက်နေ့ နေ့လယ်ပိုင်းက နေအိမ်မှာ ရိုက်နှက်ခေါ်ဆောင် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မိသားစုနဲ့နီးစပ်သူတဦးက “စစ်ကောင်စီဝင်တွေက ကိုအေးချမ်းကိုကို၊ သူ့ညီနဲ့ သူ့အဖေ ဦးဝင်းဌေး တို့ကို ရိုက်နှက်ပြီးခေါ်သွားတာ။ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာတော့ မသိရဘူး” လို့ ပြောပါတယ်။
ကိုအေးချမ်းကိုကိုနဲ့ သူ့ရဲ့မိသားစု အကြမ်းဖက်ဖမ်းဆီးခံရတာဟာ ရပ်ကွက်အတွင်းက စစ်ကောင်စီကို သတင်းပေးနေတဲ့ ဒလန်တွေရဲ့ မဟုတ်မမှန် သတင်းပေးတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံပြည်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။
“အကြမ်းဖက်ဖမ်းဆီးခံရသူ ၃ ဦးထဲက ကိုအေးချမ်းကိုကိုရဲ့ ဖခင်နဲ့ ညီဖြစ်သူကတော့ မနေ့ ညနေပိုင်းလောက်က ပြန်လွတ်လာတယ်။ အေးချမ်းကိုကိုကတော့ စစ်ကြောရေးမှာပဲ ရှိနေသေးတယ်။ နှိပ်စက်လို့ ပြင်းထန်တဲ့ဒဏ်ရာတွေလည်း ရထားတယ်” လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အကြမ်းဖက် ဖမ်းဆီးခံရသူ ကိုအေးချမ်းကိုကို ရဲ့ ဖခင်ဟာ တောင်တွင်းကြီး မြန်မာ့မီးရထားဘူတာ၊ မီးရထားရဲတပ်ဖွဲ့က စခန်းမှူးအဆင့်ရှိသူ ဖြစ်ကြောင်း စုံစမ်းသိရပါတယ်။
တောင်တွင်းကြီးမြို့မှာ အကြမ်းဖက်စစ်ကောင်စီက နေ့စဉ်နဲ့အမျှ ပြည်သူလူထုကို အကြောင်းမဲ့ ရိုက်နှက်တာတွေ ဖမ်းဆီးတာတွေ ပြုလုပ်နေတာပါ။
သြဂုတ် ၂၈ ရက်နေ့က စစ်ကောင်စီရဲ့ အကြမ်းဖက်ဖမ်းဆီးခံရသူတွေ နောက်ထပ်ရှိသေးတယ်လို့ ဒေသခံတွေက ပြောပေမယ့် ဒီဗွီဘီက အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။