close

ထရမ့်အစိုးရနှင့် ဘိုင်ဒင်အစိုးရ ခြားနားမှု မရှိဟု အီရန်ခေါင်း‌ဆောင် ဝေဖန်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရဟာ ထရမ့်အစိုးရနဲ့ ဘာမှ မခြားနားဘူးလို့ အီရန်ခေါင်းဆောင် အယာတိုလာအလီခါမေးနီက သြဂုတ် ၂၈ ရက်မှာ ပြောလိုက်ပါတယ်။

“လက်ရှိ အမေရိကန်အစိုးရဟာ နျူကလီးယားအရေးနဲ့ ပတ်သက်ရင် ထရမ့်လိုချင်တဲ့အတိုင်း အီရန်ဆီက လိုချင်နေတယ်။ ဒါဟာ မဖြစ်နိုင်သလို ယုတ္တိလည်း မရှိဘူး။ ထရမ့်က နည်းလမ်းတခုနဲ့ ပြောပြီး အစိုးရသစ်က နောက်နည်းလမ်းတခုနဲ့ ပြောတာပဲ ရှိတယ်” ခါမေးနီက သမ္မတ အီဘရာဟင်မ်ရိုင်စီရဲ့ အစိုးရအဖွဲ့သစ်နဲ့ ပထမဆုံး အစည်းအဝေးမှာ ပြောပါတယ်။

အီရန်အစိုးရနဲ့ နျူကလီးယားအရေး သံခင်းတမန်ခင်း မအောင်မြင်ခဲ့ရင် တခြားနည်းလမ်းတွေကို စဉ်းစားကောင်း စဉ်းစားမယ်လို့ ဘိုင်ဒန်ကပြောအပြီးမှာ ဘိုင်ဒန်ဟာ အီရန်ကို တရားမဝင် ခြိမ်းခြောက်နေတယ်လို့ အီရန်လုံခြုံရေးထိပ်တန်း အရာရှိက စနေနေ့မှာ စွပ်စွဲခဲ့ပါတယ်။

အီရန်ဟာ သူ့ရဲ့ ယူရေနီယံ ကြွယ်ဝရေး အစီအစဉ်ကို အရှိန်တင်လာခဲ့ပြီး ခုတော့ လက်နက်အဆင့်နားကို ရောက်နေပြီလို့ ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီက ဒီလထုတ် အစီရင်ခံစာ ထဲမှာ ပြောထားပါတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုတင်းမာလာခဲ့တာပါ။

အီရန်နျူကလီးယား အရေးသဘောတူညီချက်ရဖို့ ဆွေးနွေးပွဲတွေ ပြန်စရေး နှစ်ဖက်လုံးက ကြိုးစားနေပါတယ်။

သဘောတူညီချက်ကနေ ထရမ့်က နုတ်ထွက်တာဟာ အီရန်နျူကလီးယားအစီအစဉ်၊ ပဲ့ထိန်း ဒုံးကျည် အစီအစဉ်နဲ့ ဒေသတွင်း ကြားခံတပ်တွေကို ပံ့ပိုးတဲ့ လုပ်ရပ်တွေကြောင့် ပိုတင်းကျပ်တဲ့ ထိန်းချုပ်ကန့်သတ်ချက်တွေ ထုတ်ဖို့ ညှိနှိုင်းရေး အီရန်အစိုးရကို ဖိအားပေးဖို့ ရည်မှန်းထားတာပါ။ အီရန်အစိုးရက အမေရိကန် အစိုးရရဲ့ တောင်းဆိုချက်တွေကို ပယ်ချထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up