စပိန်နိုင်ငံတစ်ဝှမ်း မိုးသည်းပြီး ရေကြီး၊ ပိတ်မိနေသူများကို ကယ်ထုတ်

စပိန်နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ စက်တင်ဘာ ၁ ရက်က မိုးအပြင်းအထန်ရွာလို့ မြို့တချို့မှာ အကြီးအကျယ် ရေကြီးခဲ့ပါတယ်။
ဒါကြောင့် ထောင်ချီတဲ့ လူတွေ လျှပ်စစ်မီး မရှိဘဲ နေခဲ့ရပြီး လမ်းတချို့နဲ့ ရထားလမ်းတွေ ကို ပိတ်ပစ်ခဲ့ရပါတယ်။
အပူချိန်နဲ့ စိုထိုင်းဆမြင့်လို့ မုန်တိုင်းက အင်အားကောင်းလာပြီး ကာတာလိုးနီးယားဒေသ အရှေ့မြောက်ပိုင်းက အယ်လ်ကာနာ ကမ်းရိုးတန်းမြို့ကို တိုက်ခတ်ခဲ့တာပါ။
လမ်းတချို့ ရေမြောင်းတွေလို ဖြစ်ကုန်ပြီး အားကောင်းတဲ့ ရေစီးက ကားတွေ၊ ပရိဘောဂ ပစ္စည်းတွေနဲ့ သစ်ပင်တွေကို ကမ်းရိုးတန်းဆီ မျှောချခဲ့ပါတယ်။
အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေက ကားတွေ အိမ်တွေနဲ့ ပျော်ပွဲစား ဂေဟာတွေထဲ မှာ ပိတ်မိနေတဲ့ လူဒါဇင်ချီကို ကယ်ခဲ့ရပါတယ်။
လူတွေ လိုအပ်လာခဲ့ရင် ခိုလှုံဖို့ အားကစားရုံတွေကိုလည်း ပြင်ဆင်ထားတယ်လို့ အရာရှိတွေက ပြောပါတယ်။ အသေအပျောက် အစီရင်ခံတာတော့ မရှိပါဘူး။
စပိန်အလယ်ပိုင်း ကတ်စတီလာ လာမန်ချာနဲ့ နာဗာရာဒေသတွေမှာ မိုးကြီးပြီး ရေဘေး သင့်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် စပိန် မြို့တော် မဒရစ်နဲ့ တိုလေဒိုမြို့ကြား မြန်နှုံးမြင့် မီးရထားလမ်းမှာ ပြေးဆွဲမှု ရပ်ခဲ့ရတယ်လို့ ရထားဌာနအုပ်ချုပ်ရေးမှူးက တွစ်တာလူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။