ဘူရွန်ဒီနိုင်ငံတွင် ပေါက်ကွဲမှုဖြစ်ပြီး လူ ၂ ဦး သေဆုံး၊ ၅၀ ကျော် ဒဏ်ရာရ

ဘူရွန်ဒီနိုင်ငံရဲ့ အကြီးဆုံးမြို့ ဘူဂျမ်ဘူရာမှာ စက်တင်ဘာ ၂၁ ရက်ညက ပေါက်ကွဲမှုတွေကြောင့် လူ ၂ ယောက်ထက်မနည်း သေဆုံးပြီး လူ ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဝန်ကြီးချုပ် အလန်ဂီယွန်း ဘန်ညိုညီက သတင်းထောက်တွေကို ပြောပါတယ်။
ဘယ်သူဘယ်ဝါ မဖော်ထုတ်ရသေးတဲ့ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် လူ ၂ ယောက် သေဆုံးတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားဖော်ပြပါတယ်။
ဒါပေမဲ့ လူ ၅ ဦး သေဆုံးပြီး အယောက် ၅၀ လောက် ဒဏ်ရာရတယ်လို့ ဒဏ်ရာရသူတွေကို ကူညီစောင့်ရှောက်နေတဲ့ ကျန်းမာရေးလုပ်သားတဦးက ပြောပါတယ်။
မြို့လယ်က ဘတ်စ်ကားတွေ ရပ်နားတဲ့ နေရာမှာ လက်ပစ်ဗုံး ၂ လုံး ပေါက်ကွဲခဲ့ပြီး တတိယ ဗုံးကတော့ ဘီဝိဇာရပ်ကွက်ထဲက ဂျာဘေဈေးထဲမှာ ပေါက်ကွဲခဲ့တာလို့ မျက်မြင်သက်သေ ၈ ယောက်က ပြောပါတယ်။
မျက်မြင်သက်သေတွေနဲ့ ကျန်းမာရေးလုပ်သားတွေက သူတို့ ဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်ဖို့ မေတ္တာရပ်ခံခဲ့ကြပါတယ်။
ဝန်ကြီးချုပ်က ဒဏ်ရာရသူတွေကို ဆေးရုံမှာ သွားရောက် အားပေးပြီး အစိုးရက ကူညီမယ်လို့ ကတိပြုခဲ့ပါတယ်။
တနင်္ဂနွေနေ့ကလည်း အုပ်ချုပ်ရေး မြို့တော် ဂီတေဂါမှာ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရလို့ လူ ၂ ယောက် သေဆုံးတယ်လို့ ဒေသခံ မီဒီယာတွေကဖော်ပြပါတယ်။ စနေနေ့ကတော့ ဘူဂျမ်ဘူရာလေဆိပ်မှာ တိုက်ခိုက်ခံရတယ်လို့ လေဆိပ်လုပ်သားတယောက်က အတည်ပြုပါတယ်။
ကွန်ဂိုအခြေစိုက် ရဒ်တာဘာရာသူပုန်အုပ်စုက လေဆိပ်ကို သူတို့ တိုက်ခိုက်တာလို့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။
သမ္မတက ကုလသမဂ္ဂ အထွေထွေညီလာခံကိုတက်ဖို့ နယူးယောက်မြို့ဆီ ထွက်ဖို့ ပြင်ဆင်နေလို့ လေဆိပ်ကို မော်တာနဲ့ ပစ်ခတ်ခဲ့တာလို့လည်း သူတို့က ပြောပါတယ်။
လူဦးရေ ၁၁ ဒသမ ၅ သန်းရှိတဲ့ ဘူရွန်ဒီနိုင်ငံမှာ ဆယ်စုနှစ်ချီ စစ်ပွဲတွေနဲ့ တိုင်းရင်းသားရေး၊ နိုင်ငံရေး သွေးထွက်သံယို ဖြစ်ရပ်တွေကို ခံစားနေရတာပါ။
နိုင်ငံရေး အတိုက်အခံတွေကို သတ်ဖြတ်တာ၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာနဲ့ နှိပ်စက်တာတွေမှာ လက်ရှိ အာဏာရပါတီရဲ့ လူငယ်အဖွဲ့တွေ ပါဝင်ပတ်သက်နေတယ်လို့ ကုလသမဂ္ဂက ပြောပြီး အစိုးရကတော့ စွဲချက်တွေကို ငြင်းထားပါတယ်။