close

ဒုသမ္မတ (၁) ဦးမြင့်ဆွေ တာဝန်ထမ်းဆောင်နေဆဲဟု စစ်ကောင်စီပြန်ကြားရေးပြော

မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာထားပေမဲ့ ဒုသမ္မတ (၁) ဦးမြင့်ဆွေနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ တာဝန်ထမ်းဆောင်နေဆဲဖြစ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက မိုင်နိချီရှင်ဘွန်း ဂျပန်သတင်းစာနဲ့ ဆက်သွယ်မေးမြန်းရာမှာ ပြောကြား လိုက်ပါတယ်။

ဒုသမ္မတ  ဦးမြင့်ဆွေဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက လူမြင်ကွင်းက ပျောက်ဆုံးသွားတာဖြစ်ပြီး လက်ရှိသူဘယ်မှာရှိနေတယ် ဘာတာဝန်တွေ ထမ်းဆောင်နေ တယ်ဆိုတာကိုတော့  ဗိုလ်ချုပ်ဇော်မင်းထွန်းက  ပြောဆိုခြင်းမရှိပါဘူး။

“ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာထားသော်လည်း ယာယီသမ္မတ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒုသမ္မတ (၁) ဦးမြင့်ဆွေရှိပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ရှိပါတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရှိပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်အရ ၁ နှစ်အတွင်းမှာ သူ့ကိုပေးအပ်ထားတဲ့ တာဝန်တွေ မပြီးဆုံးသေးရင် အဲဒီကောင်စီကို တင်ပြလာပါက အရေးပေါ်ကာလကို တကြိမ်လျှင် ၆ လနဲ့ နှစ်ကြိမ်တိုးရမှာဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက  ပြောပါတယ်။

အရေးပေါ်ကာလ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေ ပြီးစီးကြောင်း ကာကွယ်ရေးဦးစီးချုပ်က ကာလုံကို အစီရင်ခံရင် အရေးပေါ်ကာလဖျက်သိမ်းကြောင်းကြေညာပြီး နောက် ၆ လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမယ်၊  ရွေးကောက်ပွဲမှာ ဘယ်ပါတီအနိုင်ရရ အာဏာလွှဲပေးမှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မတွေကို ရွတ်ပြပြီး အခုလို ဖြေဆိုခဲ့တာဖြစ်ပေမဲ့ လက်ရှိ အာဏာသိမ်း စစ်ကောင်စီဟာ အိမ်စောင့်အစိုးရ အမည်ခံပြီး စစ်ခေါင်းဆောင်က ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေတာဟာ ဖွဲ့စည်းပုံပါမည်သည့်ပုဒ်မနဲ့ ကိုက်ညီတယ်ဆိုတာကိုတော့ ပြောဆိုခဲ့တာ မရှိပါဘူး။

ဂျပန်သတင်းစာကတော့ စစ်တပ်အနေနဲ့ နောက်ထပ်ပြုလုပ်မယ့်ရွေးကောက်ပွဲကို ဘယ်လိုလုပ်မှာလဲ၊ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲဝင်ပြိုင်မှာလား၊  NLD ပါတီထပ်အနိုင်ရပါက ရွေးကောက်ပွဲရလဒ်ကို စစ်ကောင်စီက လက်ခံမလား စတာတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် အစိုးရတဖွဲ့လုံးကို ဖမ်းဆီးပြီး တရားမဝင်အာဏာသိမ်းယူခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိလို့ အာဏာယူခဲ့တာလို့ စစ်ကောင်စီက ကမ္ဘာကို လိမ်ညာဝါဒဖြန့်နေပေမဲ့ ယုံကြည်သူမရှိသလို ခုအချိန်အထိလည်း မဲမသမာမှုရှိခဲ့တယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ ပြနိုင်ခြင်းမရှိသေးပါဘူး။

ဓာတ်ပုံ (ဒုသမ္မတ ဦးမြင့်ဆွေ ယခင်ပုံဟောင်း)

Photo- President Office

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up