ပွဲကျပ်ကာလမတိုင်ခင် အဓိကနောက်ခံလူ ၂ ဦး ဒဏ်ရာရနေသဖြင့် မန်ယူအသင်း ရုန်းကန်ရနိုင်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပွဲကျပ်ကာလမတိုင်ခင် အဓိကနောက်ခံလူ ၂ ဦးဒဏ်ရာရနေတာကြောင့် ရလဒ်ကောင်းရဖို့ ရုန်းကန်ရဖွယ်ရှိနေပါတယ်။
အခုနှစ်ရာသီကမှ ဝယ်ယူခဲ့တဲ့ ပြင်သစ်နောက်ခံလူ ဗာရန်းဟာ စပိန်နဲ့ နေးရှင်းလိဂ် ဗိုလ်လုပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီး အသင်းခေါင်းဆောင် မက်ဂွိုင်းယားကလည်း ခြေကျင်းဝတ်ဒဏ်ရာရရှိနေတာပါ။
ဗာရန်းရဲ့ဒဏ်ရာအခြေအနေကို စစ်ဆေးအပြီးမှာတော့ ပေါင်ကြွက်သားမှာထိခိုက်မှုဖြစ်ခဲ့လို့ ရက်သတ္တပတ် အနည်းငယ်အနားယူရမယ်လို့ ယူနိုက်တက်အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
မက်ဂွိုင်းယားဟာလည်း အပေါ့စားလေ့ကျင့်မှုတချို့ ပြုလုပ်နေပေမယ့် အောက်တိုဘာ ၁၆ ရက်မှာ ကစားမယ့် လက်စတာနဲ့ ပွဲကိုလွဲချော်ဖို့ ရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့် ၂ ပတ်အတွင်း လက်စတာ၊ လီဗာပူး၊ စပါး၊ မန်စီးတီး အသင်းတွေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ဆက်တိုက်ကစားရမှာဖြစ်သလို ကြားရက်တွေမှာလည်း အက်တလန်တာနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲ ကစားသွားရမှာဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ လင်ဒီလော့ဖ်နဲ့ အဲရစ်ဘိုင်ယီကို တွဲဖက် ကစားစေဖို့ ရှိတယ်လို့သိရပါတယ်။