မြိုင်ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ အောက်တိုဘာ ၂၈ ရက်နေ့ မနက် ၉ နာရီခွဲဝန်းကျင်က ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA)၊ မြိုင် (PDF) တပ်ပေါင်းစုနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။
တပ်ပေါင်းစုရဲ့ ပြောရေးဆိုခွင့်ရှိသူက “မနက်က ၉ နာရီခွဲလောက်က စဖြစ်ကြတာပေါ့။ ၄၅ မိနစ်လောက်ကြာတယ်။ စကစဘက်က ၃ ဦးသေတယ်။ ဒဏ်ရာရသူတွေလည်းရှိကြတယ်တဲ့။ ဒို့ဘက်က ရဲဘော်တွေကတော့ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ကြတယ်” လို့ အတည်ပြုပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရမှုအခြေအနေကို ဒီဗွီဘီက သီးခြားအတည်ပြုဖို့ ဆက်လက်စုံစမ်းနေပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး နေ့လယ်ပိုင်းမှာ မြိုင်မြို့နယ်ထဲကို အကြမ်းဖက်စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တွေ ပျံဝဲနေတာတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။