ဖန်လုံအိမ်ဓာတ်ငွေ့ လေထုအတွင်း တိုးလာနေဟု ကမ္ဘာ့ရာသီဥတုအဖွဲ့သတိပေး

ဖန်လုံအိမ်ဓာတ်ငွေ့ သိပ်သည်းဆ စံချိန်တင် ထိုးတက်နေပြီး ပူနွေးတဲ့ ရာသီဥတုဟာ ကမ္ဘာကြီးကို ပုံမဖော်နိုင်တဲ့ နယ်မြေထိ တွန်းပို့နေပြီလို့ ကုလသမဂ္ဂရာသီဥတုသုတေသနဌာနဖြစ်တဲ့ ကမ္ဘာ့ ရာသီဥတုအဖွဲ့ WMO က ပြောလိုက်ပါတယ်။
ဂလပ်စ်ဂေါမြို့မှာ အောက်တိုဘာ ၃၁ ရက်က ကျင်းပတဲ့ COP26 ညီလာခံရဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း WMO ရဲ့ အတွင်းရေးမှူးချုပ် ပါမောက္ခ ပတ်တေရီ တာလပ်စ်က ခုလို ပြောလိုက်တာပါ။
ကျန်ခဲ့တဲ့ ၇ နှစ်ဟာ လေထုအတွင်း ဖန်လုံအိမ် ဓာတ်ငွေ့ သိပ်သည်းမှု စံချိန်တင်မြင့်တက်ခဲ့လို့ စံချိန်တင် အပူနွေးဆုံး လမ်းကြောင်းပေါ် ရောက်နေပြီလို့လည်း သူက ပြောပါတယ်။
မနှစ်က အသွားအလာ ပိတ်ဆို့ ကန့်သတ်ထားတဲ့ကြားက ကာဗွန်ဒိုင်အောက်ဆိုဒ် ၊ မီသိန်းနဲ့ နိုက်ထရပ်စ်အောက်ဆိုဒ်ဓာတ်ငွေ့တွေပါတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေဟာ လေထုထဲမှာ သိပ်သည်းဆ ပိုတိုးနေပြီး စံချိန်ထပ် ချိုးလိုက်ပြန်ပြီလို့ သူက ပြောပါတယ်။
၂၀၁၃ တည်းက ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု အရှိန်မြန် နေရာကနေ ၂၀၂၁ မှာတော့ သမုဒ္ဒရာတွေ ပူနွေးပြီး အက်ဆစ်ပေါက်တာ ဆက်ဖြစ်နေလို့ ကမ္ဘာ့ပင်လယ်ရေ မျက်နှာပြင် မြင့်တက်မှုဟာ စံချိန်သစ် တင်ခဲ့တယ်လို့လည်း WMO ရဲ့ ကမ္ဘာ့ရာသီဥတု ၂၀၂၁ အစီရင်ခံစာ အတွင်း သတိပေးခဲ့ပါတယ်။