နောင်ခမ်းဒေသခံများကို တရုတ်ဘက်က စာပို့ ခြိမ်းခြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ နောင်ခမ်း ကျေးရွာရှိ ဒေသခံတွေကို တရုတ်ဘက်က ရွာသားတွေက ခြိမ်းခြောက် ဖိအားပေးစာ ပို့လာတာကြောင့် စိုးရိမ်နေကြကြောင်း ဒေသခံတွေက ပြောပါတယ်။
နောင်ခမ်း ကျေးရွာရှိ နယ်ခြားမှတ်တိုင် ၅၈ နားမှာ တရုတ်ဘက်က ခြံစည်းရိုးကာရာမှာ နှစ်နိုင်ငံ သတ်မှတ်ထားတဲ့ နေရာကနေ မြန်မာနိုင်ငံဘက်ထဲ ၄ မီတာခန့် နယ်ကျွံပြီးကာတဲ့အတွက် နောင်ခမ်းဒေသခံတွေက ဖျက်ဆီးခဲ့တာပါ။
ဒါနဲ့ ပတ်သက်ပြီး နောင်ခမ်းရွာနဲ့ ကပ်လျက် တရုတ်ဘက်ခြမ်း နောင်ဆောင်ရွာဘက်က ဒေသခံတွေက အချက် ၃ ချက်ပါ ဖိအားပေး ခြိမ်းခြောက်တဲ့ စာကို WeChat နဲ့ ပို့လာကာ လူမှုကွန်ရက်မှာ အောက်တိုဘာ ၃၀ ရက်က စတင်ပျံ့နှံ့လာခဲ့တာ လို့ဆိုပါတယ်။
ဒေသခံ ကိုအိုက်အောင်မြတ်က “တရုတ်အစိုးရက ခြိမ်းခြောက်တာတော့ မရှိဘူး။ ဟိုဘက် နောင်ဆောင်ရွာက ခြိမ်းခြောက်စာ ရေးခဲ့တာပေါ့။ ကျနော်တို့ ဒီလယ်ကွက်မှာ သွားစိုက်ရင် သူတို့ လာဖျက်ဆီးမှာ လို့ရေးခဲ့တာ။ ရှမ်းစာနဲ့လေ။ သူတို့ရွာ ဥက္ကဋ္ဌတွေပေါ့။ ဒီမြေမှာ ဘယ်သူမှ လာမလုပ်ရဘူး။ ကျနော်တို့ လာလုပ်ခဲ့မယ်ဆိုရင် သူတို့ လာဖျက်ဆီးမယ် အဲလို ပြောခဲ့တာ။ သူတို့စာမှာတော့ တံဆိပ်တုံးလည်း မပါခဲ့ဘူး။ ရိုးရိုးစာပဲ” လို့ ပြောပါတယ်။
ခြိမ်းခြောက်စာနဲ့ ပတ်သက်ပြီး နောင်ခမ်းဒေသခံတွေ စိုးရိမ်ပူပန်နေကြပြီး မြန်မာအာဏာသိမ်း စစ်တပ်အနေနဲ့ အခုလို နယ်ကျွံမှုကိစ္စကို တတ်နိုင်သလောက် အမြန်ဆုံး ကူညီဖြေရှင်းပေးစေလိုကြောင်း ဒေသခံ တွေက ပြောပါတယ်။
အခုနှစ် ဇူလိုင် ၁၄ ရက်မှာ ပထမအကြိမ် တရုတ်ဘက်က နယ်ခြားစည်းရိုးကျွံပြီး လာခတ်တာ ကြောင့် ဒေသခံတွေ ကန့်ကွက်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက်မှာ နယ်ခြားစည်းရိုး ကျွံပြီး ထပ်မံ လာခတ်တာလို့ ပြဿနာ ထပ်ဖြစ်ခဲ့တာပါ။
ဒီကိစ္စနမ့်ခမ်းမြို့နယ်က သက်ဆိုင်ရာကို အကြောင်းကြားခဲ့လိ့ နမ့်ခမ်းမြို့နယ်က အစိုးရဌာနပေါင်းစုံက လာရောက်ကြည့်ရှုကာ အထက်သို့ တင်ပြသွားမှာ ဖြစ်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
နောင်ခမ်းဒေသခံတွေကတော့ တရုတ်ဘက်က ခြံစည်းရိုးကာတဲ့အတွက် မိသားစုအစဉ်အဆက် ရာသက်ပန် လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေတွေပါသွားတဲ့အတွက် ခြံစည်းရိုးတွေကို ပြန်ဖျက်ပစ်ကြတာလည်း ဖြစ်ပါတယ်။
“သူတို့ ခြံစည်းလာကာတာ နှစ်ခါ။ ခုကာတာ နှစ်ထပ်ပေါ့။ တရုတ်ပြည်က ရှမ်းရွာကပဲ ရေးတယ် ဒီစာက။ စာထဲမှာ ရေးခဲ့တာကတော့ ဒီလယ်မြေဟာ နှစ်နိုင်ငံညှိနှိုင်းလို့ မပြီးသေးဘူး။ ပြဿနာဖြစ်တဲ့ လယ်မြေကို လုံးဝ မစိုက်ခိုင်းဘူးပေါ့။ ကျနော်တို့ လုပ်စားတာကြာလှပြီ။ ခိုးလုပ်စားတာ မဟုတ်ဘူး။ ၅၈ မှတ်တိုင်။ အရင်တခေါက်လည်း ဒီနေရာပဲ။ နှစ်ခါ ရှိပြီ” လို့ ဒေသခံ က ပြောပါတယ်။
Photo Crd- Nam Kham News & SAAM