close

ပြည်သူများ ဆန်နှင့် ဆီ လျှော့စားကြရန် အာဏာသိမ်းစစ်ခေါင်းဆောင်တိုက်တွန်း

ပြည်သူလူထုအနေနဲ့ ဆန်နဲ့ ဆီလျှော့စားကြဖို့နဲ့ လောင်စာဆီအသုံးပြုတာတွေကို လျှော့ချဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ 

စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင် သိမ်းယူခဲ့တဲ့ (၉)လပြည့် အထိမ်းအမှတ် နိုဝင်ဘာ ၁  ရက်နေ့ ညက ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောဆိုသွားတာပါ။

စစ်ခေါင်းဆောင်က “ သာမာန်အားဖြင့် လူတစ်ယောက်က မနက်၊ နေ့လယ် နို့ဆီဘူး တဘူးစီလောက် စားပါတယ်။ မနက်စောစောစာမှာလည်း ဘူး တစ်ဝက်လောက်စားတဲ့ အတွက်ကြောင့် နှစ်ဘူးခွဲလောက်ကုန်တာကို ကျနော်တို့ တွေ့ရပါတယ်။ တပ်မတော်မှာလည်း ဒီတိုင်းပါပဲ၊ ဒီနှုန်းနဲ့ပဲ စားပါတယ်။ ဒါကို ၁၀ ရာခိုင်နှုန်းလောက် လျှော့ချပြီးတော့မှ စားသုံးကြည့်တဲ့အခါမှာ ကျနော်တို့ဘက်က သုတေသနပြုချက်အရ တော်တော်အကျိုးရှိတာကို ကျနော်တို့ တွေ့ရပါတယ်။ ဒါကြောင့် ဒါလေးကိုလည်း ထိုက်သင့်သလိုထိန်းသိမ်းပြီးတော့မှ စားသုံးမှုပုံစံမျိုး ပြောင်းလဲသွားမယ်ဆိုလို့ရှိရင် ပြည်သူများရဲ့ ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူရမယ်ဆိုတာလေးလည်း ကျနော် အကြံပြုလိုပါတယ်။”လို့ပြောပါတယ်။

ဒါ့အပြင် စားသုံးဆီနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ ဆီကြိတ်ခွဲမှုက တန်ချိန် ၆၆၀၀၀ ကျော်ရပြီး ပြည်ပကနေ တန်ချိန် ၈ သိန်းကျော်တင်သွင်းရကြောင်းနဲ့ ဆီစားသုံးမှုများနေတာ တွေ့ရတယ်လို့ စစ်ခေါင်းဆောင်ကဆိုပါတယ်။

“မိဘပြည်သူများဆိုင်တွေမှာ ရောင်းချနေတဲ့ ဆိုင်တွေမှာရောင်းချနေတဲ့ ဟင်းလျာတွေကို ကြည့်ပါ၊ ဆီပြန်ဟင်းတွေ များတာကို တွေ့ရပါလိမ့်မယ်။ အိမ်တွေမှာ ဆိုလို့ရှိရင်လည်း ဆီနိုင်နိုင်ထားပြီးတော့မှ သုံးကြတာလည်း တွေ့ရပါတယ်။ ကျနော်တို့ မြန်မာ့ရိုးရာ မိရိုးဖလာစားတဲ့အထဲမှာ လက်ဖက်တို့၊ ပဲပြုတ်တို့၊ ငါးခြောက်ဖုတ်တို့ တော်တော်များများစားကြပါတယ်။ ဒီနေရာမှာလည်း ဆီနိုင်းချင်း လေးနဲ့ စားကြတာကို တွေ့ပါ တယ်။ ကျနော်ကိုယ်တိုင်လည်း ဒီအစားအစာတွေ ကြိုက်ပါတယ်။ ဒါကြောင့် ကျနော်ပြောချင်တာကတော့ အတတ်နိုင်ဆုံး ဆီအနည်းဆုံး ထည့်သွင်းပြီးတော့ အသုံးပြုမယ်ဆိုလို့ရှိရင် ဆီချွေတာရာလည်း ရောက်ပါတယ်။ တိုင်းပြည်အတွက် ကုန်ကျနေတဲ့ စားသုံးဆီတင်သွင်းမှုကိုလည်း လျော့နည်းစေမှာ ဖြစ်ပါတယ်။”လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ  ဒီဇယ်နဲ့ ဓာတ်ဆီ တန်ဖိုးအားဖြင့် ဒေါ်လာ ၂ ဒသမ ၁၂၉ ဘီလီယံဖိုးတင်သွင်းရပြီး စားအုန်းဆီက ဒေါ်လာ ၈၂၆ သန်း ဖိုး နှစ်ခုပေါင်းရင် ဒေါ်လာ  ၃ ဘီလီယံနီးပါးလောက်ရှိတာတွေ့ရတဲ့အတွက် အတတ်နိုင်ဆုံး ခြိုးခြံချွေတာသုံးစွဲဖို့  စစ်ခေါင်းဆောင်က တိုက်တွန်းပြောသွားပါတယ်။

Photo- DSINFO

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up