close

ရေစကြိုမြို့နယ်၌ စစ်ကြောင်းထိုးလာသည့် စစ်တပ်က ရွာသားများကို ဖမ်းဆီးကြိုးတုပ် လူသားဒိုင်းအဖြစ် အသုံးပြု

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ  နိုဝင်ဘာ ၁၇ ရက် ဒီနေ့ညနေ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလာရာမှာ    ဒေသခံပြည်သူ ၁၀ ယောက်ကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ် ခေါ်ဆောင်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီကနေ့ ညနေ ၄ နာရီလောက်မှာ စစ်တပ်က အင်အား ၆၀ လောက်နဲ့ ရေစကြိုမြို့နယ် ရေယှားရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးတော့စစ်ကြောင်း ထိုးလာရာမှာ လှေခုတ်ရွာက ဒေသခံပြည်သူ ၁၀ ယောက်ကို လက်ပြန်ကြိုးတုပ်ပြီး လူသားဒိုင်းသဖွယ်အသုံးပြုပြီး ခေါ်ဆောင်လာတယ်လို့ ဒေသခံပြည်သူ တစ်ယောက်က ပြောပါတယ်။

ရေလယ်ကျွန်းဒေသ မင်းရွာကျေးရွာမှာ ညအိပ်စခန်းချတဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့တွေက ၈ နာရီဝန်းကျင်လောက်မှာ ကျွန်းညိုရွာ ၊ ၉နာရီလောက်မှာ နွယ်နီရွာ၊ ၁၀ နာရီခွဲအချိန်လောက်မှာ လှေခုတ်ကျေးရွာစတဲ့ဒေသတွေမှာမွှေနှောက်သွားပြီး ကျေးရွာတွေက အပြစ်မဲ့ပြည်သူ ၁၀ဦးကိုဖမ်းဆီး သွားတာဖြစ်တယ်လို့သိရပါတယ်။

 “သေနတ်သံတွေက တရစပ်ကြားရတယ်။ မနေ့ကတည်းက ငါတို့ရွာမှာ ထွက်ပြေးနေရတာ၊ အခုထိ ထမင်းစားစရာငါတို့မှာမရှိဘူး အိုးပစ်အိမ်ပစ်ကို ကလေးလေးတွေလက်ဆွဲပြီးတော့ထွက်ပြေးရတာ။ သူတို့ ရွာထဲဝင်လာမှာကိုကြောက်နေတော့တာ ညညဆိုလည်းအိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်းစားရဖို့ဆိုရင် ဝေးပါရောကွယ်။ သေနတ်မှန်ပြီး သေမှာကြောက်လို့ ထွက်ပြေးနေရတာပဲ ငါတို့မှာ အသိရှိပါတော့တယ်။ ရွာထဲမှာ ရဲတွေက ဝင်လာလိုက် ပစ်လိုက်ခတ်လိုက် တာဝါတိုင်တွေပေါ်က စနိုက်ပါကြီးတွေနဲ့ချိန်ထားတယ်ဆိုလို့ မှောက်လျားထိုးတွေ ပြေးလိုက်ရနဲ့ ထန်းတောမှာတော့ အိမ်ထောင်စုတွေစစ်တယ်ပြောတယ်။ ရွာထဲက ပျူတွေကလည်းတမျိုးပေါ့ စိတ်တွေလည်းဆင်းရဲပါတယ်။ အရင်လိုလေးပြန်နေရဖို့ ဘယ်လောက်ကြာအုံးမယ်မသိပါဘူး”လို့ ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာလ ၁၅ ရက်နေ့ကတည်းက ရေလယ်ကျွန်းဒေသကို ထိုးစစ်ဆင်နေတာဖြစ်ပြီးတော့ မင်းရွာကျေးရွာမှာ တပ်စွဲထားပြီးတော့ တစ်ရွာဝင်တစ်ရွာထွက် တစ်အိမ်ဝင်တစ်ဝင်ထွက် မွှေနှောက်ကာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီနေ့မနက်ပိုင်းမှာလည်း လှေခုတ်၊ နွယ်နီ၊နေရင်နဲ့ ကျွန်းညိုကျေးရွာတွေကို ဝင်ရောက်ပြီး အပြစ်မဲ့ ဒေသခံပြည်သူ ၂ ယောက်ကိုလည်း ဖမ်းခေါ်သွားကြတယ်လို့ ပြောပါတယ်။

စစ်အုပ်စုတွေနဲ့ လက်ပါးစေတွေဟာ အင်အားအလုံးအရင်းနဲ့ ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီးတော့ ထိုးစစ်ဆင်နေတာကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up