တောဝက်ရိုင်း ၇ ကောင်ကို ဟောင်ကောင်အာဏာပိုင်များ ဖမ်းဆီး

ကမ္ဘာ့ဘဏ္ဍာရေးအချက်အခြာ ဟောင်ကောင်မှာ နိုဝင်ဘာ ၁၈ ရက် နှောင်းပိုင်းက အာဏာပိုင်တွေဟာ တောဝက်ရိုင်း ၇ ကောင်ကို ပြန်ဖမ်းမိခဲ့ပါတယ်။
အရင်အပတ်က တောဝက်ရိုင်း တကောင်က ရဲတယောက်ကို ကိုက်ခဲ့အပြီး ဟောင်ကောင်တလွှားက မြို့ပြဒေသတွေမှာ ရှိနေတဲ့ တောဝက်ရိုင်းကောင်ရေ လျှော့ချရေး လှုပ်ရှားမှုကို အာဏာပိုင်တွေက စတင်ခဲ့ပါတယ်။
တချို့ ဒေသခံတွေက တောဝက်ရိုင်းတွေကို အစာကျွေးရာကနေ မြို့ပေါ်မှာ အမြင်ရ အများဆုံး သားရိုင်းတိရစ္ဆာန်တွေ ဖြစ်လာခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
တိမွေးကုဆရာဝန်တွေက တောဝက်ရိုင်း ၇ ကောင်ကို ဖမ်းဖို့ မေ့ဆေးပါတဲ့ သေနတ်ကို သုံးခဲ့တယ်လို့ စိုက်ပျိုးရေး၊ ငါးမွေးမြူရေးနဲ့ ထိန်းသိမ်းရေး ဌာန(AFCD) က ကြေညာချက် ထုတ်ပြန်ပါတယ်။
အရင်အပတ်က တောဝက် တကောင်က ရဲအရာရှိ တယောက်ကို ပက်ခဲ့ပြီး သူ့ခြေထောက်ကို ကိုက်ခဲ့လို့ နက်ရှိုင်းတဲ့ ဒဏ်ရာရခဲ့ပါတယ်။ ဒါကြောင့် တောဝက်တွေအား အစာကျွေးတဲ့လူတွေကို ပြစ်ဒဏ် တိုးမြှင့်မယ်လို့ ဟောင်ကောင် အကြီးအကဲ ကယ်ရီလမ်က သတိပေးခဲ့ပါတယ်။
ရဲကို ကိုက်တဲ့ တောဝက်ကတော့ ယာဉ်ရပ်နားစခန်းရှိရာ ၃၃ ပေ အမြင့်ကနေ အောက်ကို ပြုတ်ကျ သေဆုံးခဲ့တာပါ။
ဟောင်ကောင်ရဲ့ မူဝါဒအရ သားရိုင်းတွေကို ဖမ်းဆီးပြီး ဝေးလံသီခေါင်တဲ့ လူနေကျဲပါးတဲ့ ဧရိယာတွေမှာ ပြန်လွှတ်ပေးလေ့ရှိတာပါ။
ဟောင်ကောင်မြို့ပေါ်မှာ တောဝက်ရိုင်း အကောင်ရေ ၃ထောင်လောက်ရှိပြီး ကာကွယ်ပေးခံရတဲ့ တိရစ္ဆာန်အမျိုးအစားတော့ မဟုတ်ဘူးလို့ အစိုးရသတင်းအချက်အလက်တွေက ပြသ ထားပါတယ်။