close

လူ့အခွင့်အရေးကာကွယ်ရေး အောင်မြင်မှုရဟု အာဖဂန်ကြားဖြတ်အစိုးရ ပြော

အာဖဂန်နစ္စတန်နိုင်ငံရဲ့ ကြားဖြတ်အစိုးရဟာ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် တိုင်းရင်းသား အုပ်စုတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်တဲ့နေရာမှာ စွမ်းဆောင်အောင်မြင်မှုတွေ ရခဲ့ပြီးပြီလို့ အာဖဂန် ခေတ္တ နိုင်ငံခြားရေးဝန်ကြီး အာမီယာခန်း မွတ်တာကီက ပြောလိုက်ပါတယ်။

တာလီဘန်တွေက အာဖဂန် ကြားဖြတ်အစိုးရကို စက်တင်ဘာလမှာ ဖွဲ့စည်းပြီးတည်းက နိုင်ငံတကာ လူ့အဖွဲ့အစည်းဟာ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် တိုင်းရင်းသားအုပ်စုတွေရဲ့ အခွင့်အရေးတွေ ကာကွယ်ဖို့နဲ့ အားလုံးပါဝင်တဲ့ အစိုးရတရပ်ကို တည်ဆောက်ဖို့ အပါအဝင် အရေးကိစ္စတွေကို စိတ်ပူနေခဲ့တာပါ။

အဲဒီနှစ်ချက်စလုံးကို ကြားဖြတ်အစိုးရက လုပ်ပြီးနေပြီလို့ မွတ်တာကီက တရုတ်အမျိုးသားရုပ်သံ ဖြစ်တဲ့ တရုတ်မီဒီယာဂရု (CMG)နဲ့ လူတွေ့မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

“ကျနော်တို့ အစိုးရအဖွဲ့ထဲမှာ တာဂျစ်၊ ဥဇဘက်၊ ပွတ်ရှ်တွန်နဲ့ တခြားတိုင်းရင်းသား အဖွဲ့ဝင်တွေ အများကြီး ပါပါတယ်။ နိုင်ငံတလွှားက ပန်ရှီယာ၊ ဘာဒက်ခ်ရှန်း၊ ဖှာယပ်ဘ်၊ ကန်ဒဟာနဲ့ နန်ဂဟာ ပြည်နယ်တွေက လူတွေ အပါအဝင် ပြည်နယ်တိုင်းက ကိုယ်စားလှယ်တွေလည်း ကျနော်တို့ အစိုးရအဖွဲ့ထဲမှာ ရှိတယ်”လို့ သူက ပြောပါတယ်။

၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်ကြား အာဖဂန်ကို တာလီဘန်တွေ အုပ်စိုးချိန်က အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ ပညာသင်ခွင့်မရကြပါဘူး။

၂၀၀၁ ခုနှစ်မှာ အမေရိကန် ဦးဆောင် ကျူးကျော်စစ်အပြီး အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ ကျောင်းတွေနဲ့ တက္ကသိုလ်တွေတက်ခွင့် ရခဲ့ကြပါတယ်။

တာလီဘန်အစိုးရ ပြုတ်ကျပြီး ၂၀၁၈ ခုနှစ်မှာ အာဖဂန်မှာ အမျိုးသမီး စာတတ်မြောက်နှုန်းက ၃၀ ရာခိုင်နှုန်းအထိ ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂ ပညာရေးသိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ကြီး ယူနက်စကိုက ပြောပါတယ်။

အခု တက်လာတဲ့ တာလီဘန်အစိုးရကတော့ အမျိုးသမီး ပညာရေးကို တိုးတက်အောင် တွန်းအားပေး အားထုတ်နေတယ်လို့ မွတ်တာကီက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up