ဂျော်ဒန်လွှတ်တော်အတွင်း အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဆွေးနွေး

ဘုရင်စနစ် ပြန်လည်ရှင်သန်လာစေဖို့နဲ့ ကာလကြာရှည် ကတိပြုထားတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်ဖို့ တာဝန်ရှိသူတွေက အဆိုပြုထားတဲ့ အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေကို ဂျော်ဒန်လွှတ်တော်အတွင်း နိုဝင်ဘာ ၂၂ ရက်က စတင် ဆွေးနွေးပါတယ်။
ဘုရင် အဗ်ဒူလာက ခန့်အပ်ထားတဲ့ တော်ဝင်ကော်မတီက ဂျော်ဒန်ရဲ့ နိုင်ငံရေးစနစ်ကို ခေတ်မီအောင် ပြုပြင်မွမ်းမံဖို့၊ လက်ရှိ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို ပိုကောင်းအောင် ပြုပြင်မွမ်းမံဖို့ ကြိုးစားတဲ့ အဆိုပြုချက်တွေကို မူကြမ်းရေးဆွဲခဲ့တာပါ။
ဧပြီလက အိမ်ရှေ့စံဟောင်း မင်းသားဟမ်ဇာဟာ ဘုရင်အဗ်ဒူလာကို စိတ်အနှောင့်အယှက်ပေးမှုနဲ့ စွပ်စွဲခံရအပြီး တော်ဝင်မိသားစုအတွင်းက အမှားအယွင်းတွေကို ဖော်ထုတ်ခဲ့ပါတယ်။
ဒါကြောင့် အိမ်နီးချင်း ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေကို လောင်မြိုက်ခဲ့တဲ့ မငြိမ်သက်မှုမျိုး ဂျော်ဒန်မှာ မဖြစ်ပွားရအောင် ကာကွယ်နိုင်ခဲ့တာပါ။
အခြေခံဥပဒေမူကြမ်းထဲမှာ ဘုရင်က ဝန်ကြီးချုပ်ကို လက်ရွေးစင် ခန့်အပ်မယ့်အစား လွှတ်တော် အတွင်း မဲအများစုကနေ ရွေးချယ်တင်မြှောက်မယ့် နည်းလမ်းကို လမ်းကြောင်းဖော်ထားမယ်လို့ ဝန်ကြီးချုပ် ဘစ်ရှားအယ်လ်ခါဆော်နေက ပြောပါတယ်။
အမေရိကန်ရဲ့ ကျောထောက်နောက်ခံကိုရထားတဲ့ ဘုရင်အဗ်ဒူလာဟာ လွှတ်တော်ကို ဖျက်သိမ်းနိုင်သလို အစိုးရကို ခန့်အပ်နိုင်တဲ့အပြင် လူဦးရေ ဆယ်သန်းရှိတဲ့ ဂျော်ဒန်နိုင်ငံကို အဆုံးစွန် စီရင်ပိုင်ခွင့်ရှိသူလည်း ဖြစ်ပါတယ်။
သူကတော့ တနေ့မှာ စည်းမျဉ်းခံဘုရင်စနစ်အရ အုပ်ချုပ်တဲ့ဘုရင် ဖြစ်လာဖို့ မျှော်လင့်တယ်လို့ လတ်တလောနှစ်တွေမှာ ပြောထားပါတယ်။
အဆိုပြုချက်တွေထဲမှာ ဘုရင်က ဦးဆောင်တဲ့ အမျိုးသားလုံခြုံရေးကောင်စီကို အစိုးရရဲ့ အုပ်ချုပ်စီရင်ပိုင်ခွင့်လက်အောက်မှာ ထားဖို့ ပြင်ဆင်ထားပါတယ်။
ဒါဟာ ဘုရင့်ဩဇာကို ဖယ်ထုတ်လျှော့ချလိုက်တာပဲလို့ ပညာရှင်တချို့နဲ့ နိုင်ငံရေးသမားတွေက ရှုမြင်ကြပါတယ်။
၁၉၉၉ ခုနှစ်ကတည်းက အုပ်ချုပ်ခဲ့တဲ့ ဘုရင်ဟာ ဒေသတွင်း ပြဿနာတွေကို တုံ့ပြန်ဖို့ ဒီမိုကရေစီ စနစ်ဆီ တွန့်ဆုတ် တွန့်ဆုတ် ခြေလှမ်းလှမ်းဖို့ ဖိအားပေးခံနေရတယ်လို့ လစ်ဘရယ်ဝါဒီ နိုင်ငံရေး သမားတွေက ပြောပါတယ်။
ဂျော်ဒန်နိုင်ငံမှာ လတ်တလောနှစ်တွေအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဘုရင်ကို တောင်းဆိုနေတဲ့ အစ္စလာမစ် အတိုက်အခံတွေနဲ့ တိုင်းရင်းသား လူမျိုးစုတွေ ဦးဆောင်တဲ့ လမ်းပေါ် ဆန္ဒပြပွဲတွေနဲ့ လူထုမငြိမ်သက်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။