close

မြောင် PDF အဖွဲ့က စစ်ကောင်စီတပ်သား ၂ ဦးကို လုံးထွေးသတ်ပုတ် အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဒီဇင်ဘာ ၁၄ ရက်က  စစ်ကောင်စီ တပ်သားနှစ်ယောက်ကို ဒီဇင်ဘာ ၁၄ ရက်က   အရှင် ဖမ်းမိခဲ့တယ်လို့ မြောင် PDFအဖွဲ့က ပြောပါတယ်။

တပ်ကြပ်ကြီး တယောက်နဲ့ တပ်ကြပ်တယောက်တို့ကို လုံးထွေးသတ်ပုတ်ပြီး အရှင်မိလာခဲ့တာဖြစ်ပြီး ဖမ်းမိလာတဲ့ စစ်ကောင်စီတပ်သားနှစ်ယောက်ကို  မြို့ခံ လူထုတွေက  သတ်ဖို့ အပြေးရောက်ရှိနေကြတယ်လို့  မြောင် PDFနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ 

“စစ်ကောင်စီတပ်နဲ့ တစ်ဦးချင်း နပန်းလုံးပြီး အရှင်ဖမ်းနိုင်ခဲ့တာပါ၊ အခု ဖမ်းဆီး ထားရှိထားတဲ့ နေရာကို နယ်ခံပြည်သူတွေက သတ်မယ် ဖြတ်မယ် ဆိုပြီးတော့ မြို့လုံးကျွတ်နီးပါး အပြေးရောက်လာနေပါတယ်။ ဦးရေပြောရရင်တော့ တော်တော်များတယ်ဗျ၊ ထောင်ချီပြီးတော့ ရှိနိုင်ပါတယ်။ သူတို့ကလည်း ဒေါသအလျောက် ပြုမူမိကြမှာစိုးလို့တော့ ထိန်းနေပါတယ်။”

မြောင်ဒေသခံတစ်ဦးကလည်း “သေချာမေးရမှာ စစ်ပြီးတော့ကိုမေးရမှာ။ ငါတို့ခံထားရတာ မမေ့ဘူး။ ငါတို့အလှည့်ကျ လုပ်သမျှခံရပြီးတော့ ဒင်းတို့အလှည့်ကျ ငါတို့ လုပ်သမျှ သူတို့ခံရဖို့ပဲ ရှိတာပေါ့" လို့  ပြောပါတယ်။

မြောင်မြို့နယ်အတွင်း စစ်ကိုင်း- မုံရွာလမ်းမကြီးပေါ်မှာ သွားလာနေတဲ့ စစ်ကား ၃ စီးကိုလည်း ဒီဇင် ဘာ ၁၄ ရက်က မိုင်း ၈ လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား အယောက် ၂၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PAFDက ထုတ်ပြန်ထားပါတယ်။ 

စစ်ကိုင်းတိုင်းအထက်ပိုင်း ကနီမြို့နယ်မှာလည်း ချင်းတွင်းမြစ် အတွင်းမှာ သောင်တင်နေတဲ့ စစ်ကောင်စီလက်နက်ကိုင်တွေ လိုက်ပါလာတဲ့ စက်လှေယာဉ်တန်းကို ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up