ထိုင်းနိုင်ငံဘက်သို့ မြန်မာစစ်ဘေးရှောင်များ ထွက်ပြေးတိမ်းရှောင်လာ



















ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်တွေ တိုက်ပွဲဆက်ဖြစ်နေတာကြောင့် ရာနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ နှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။
ဒီနေ့မနက် ၁၁ နာရီလောက်အထိ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံရောက်ရှိလာတဲ့ စစ်ပြေးရှောင် ပြည်သူ အယောက် ၈၀၀ ကျော်ရှိနေပြီး မဲထော်သလေးကျေးရွာ တဖက်ကမ်း နှစ်နိုင်ငံ နယ်စပ် ထိုင်းနိုင်ငံ တာခ်ခရိုင်မှာ ကိုဗစ်ကာကွယ်တဲ့အနေနဲ့ သီးခြားနေရာစီစဉ်ပြီး ယာယီ စောင့်ရှောက်ပေးထားတယ်လို့ ထိုင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်တွေက ဒီဇင်ဘာ ၁၄ ရက်ကစတင်ပြီး ဝင်ရောက်လာပြီး လွှတ်တော်အမတ်အပါအဝင် ခိုလှုံနေသူတွေကို ဖမ်းဆီးခဲ့ပြီး နောက်တနေ့မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။
ဒီကနေ့မနက်မှာလည်း လေးကေ့ကော်မြို့သစ်အနီး မဲထော်သလေးကျေးရွာအနီးမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့တာ ကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးရှောင်ထွက်ပြေးနေကြရတာဖြစ်ပါတယ်။