close

နွေဦးတော်လှန်ရေးကာလ ၈၁၀၀ ဦး လက်ရှိချုပ်နှောင်ခံထားရပြီး ၃၉၉ ဦး ထောင်ဒဏ်ချခံရ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၀ လကျော်အကြာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၃၄၆ ဦးထိရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၁၀၀ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၉၉ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ဦးအနက် မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၇၅ ဦးရှိပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စစ်ကိုင်းတိုင်းဥပဒေချုပ် ဦးခင်မောင်လှကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့ မုံရွာအကျဉ်းထောင်တွင်းတရားရုံးက ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့တယ်လို့ သိရှိရပါတယ်။

တိုင်းဥပဒေချုပ်ဦးခင်မောင်လှကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ နိုင်ငံ့ဝန်ထမ်းများ ပါဝင်ပေးဖို့ တိုက်တွန်းတယ်လို့ စွပ်စွဲပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခဲ့တာလို့ ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ Bago Weekly ဂျာနယ် သတင်းထောက် ကိုငြိမ်းချမ်းဝေကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ သာယာဝတီအကျဉ်းထောင်တွင်းတရားရုံးက ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ထောင်ဒဏ် သုံးနှစ် အမိန့်ချမှတ်ခဲ့ပါတယ်။ ကိုငြိမ်းချမ်းဝေဟာ လက်ပံတန်းမြို့နယ်ရှိ နေအိမ်မှာ မေလ ၁၄ ရက်နေ့ ညက ဖမ်းဆီးခံခဲ့ရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up