နျူကလီးယားစစ်ပွဲတားဆီးရန် အင်အားကြီး ၅ နိုင်ငံ သဘောတူ

နျူကလီးယားစစ်ပွဲ မဖြစ်ပွားဖို့နဲ့ နျူကလီးယားလက်နက်တွေ ထပ်မံမပြန့်ပွားရေး တားဆီးသွားဖို့ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံ ၅ နိုင်ငံက သဘောတူလိုက်ပါတယ်။
တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုတို့မှ ခေါင်းဆောင်တွေက နျူကလီးယားစစ်ပွဲ တားဆီးရေးနဲ့ ပြိုင်ဆိုင်မှု ရှောင်ရှားရေးဆိုင်ရာ ပူးတွဲကြေညာချက်တရပ် ထုတ်ပြန်လိုက်ခဲ့ကြပါတယ်။
ကြေညာချက်ထဲမှာ နျူကလီယားစစ်ပွဲနဲ့ အနိုင်မရနိုင်သလို ဘယ်တော့မှလည်း မတိုက်ခိုက်ဖို့ ကတိပြုကြောင်း၊ နျူကလီးယားကို အသုံးပြုတာဟာ ဆိုးရွားတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရမယ်လို့ ပါရှိပါတယ်။
ဒါ့အပြင် အခုရှိထားသော နျူကလီးယားလက်နက်တွေကို ကာကွယ်ရေးရည်ရွယ်ချက်၊ ကျူးကျော်ရေးဟန့်တားမှုနဲ့ စစ်ပွဲကာကွယ်မှုတို့အတွက်သာ အသုံးပြုသင့်ကြောင်း နောက်ထပ် နျူကလီးယားလက်နက်တွေ ထပ်မံမပြန့်ပွားအောင် တားဆီးသွားမယ်လို့ ဆိုပါတယ်။
တနိုင်ငံချင်းစီရဲ့ လုံခြုံရေးကိစ္စတွေကို အပြန်အလှန် လေးစား အသိအမှတ်ပြုပြီး အပြုသဘောဆောင်သော ဆွေးနွေးပွဲများနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဆုံးဖြတ် ၅ နိုင်ငံက ဆုံးဖြတ်ခဲ့ကြပါတယ်။