ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ ပူးပေါင်းမြှင့်တင်ရန် ဩစတြေးလျ-ဂျပန် သဘောတူ

ဩစတြေးလျနဲ့ ဂျပန်တို့ဟာ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ သဘောတူစာချုပ်ကို ဇန်နဝါရီ ၆ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
တရုတ်က အင်ဒိုပစိဖိတ်ဒေသအတွင်း စီးပွားရေးဩဇာနဲ့ စစ်တပ်အင်အား တိုးမြှင့်လာချိန်မှာ ဆက်ဆံရေးအားဖြည့်ဖို့ နောက်ဆုံး အကွက်ရွှေ့မှုလည်း ဖြစ်ပါတယ်။
ဂျပန်နဲ့ ဩစတြေးလျ ခေါင်းဆောင်တွေဟာ အပြန်အလှန် အသုံးပြုခွင့် သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြတာပါ။
ဩစတြေးလျ ဝန်ကြီးချုပ် စကော့ မောရစ်ဆင်က နှစ်နိုင်ငံ ကာကွယ်ရေးတပ်တွေ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့ မူဘောင်ကို ပထမဆုံးအကြိမ် သတ်မှတ်ခဲ့တယ်လို့ ပြောပါတယ်။
ဒေသတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာရေး၊ ကုန်သွယ်ရေး အငြင်းပွားစရာတွေ၊ ထိုင်ဝမ်အရေးနဲ့ ပတ်သက်တဲ့ ဖိအားတွေအပါအဝင် တရုတ်နဲ့ ပတ်သက်နေတဲ့ စိုးရိမ်စရာ ကိစ္စတွေအပေါ် ဆောင်ရွက်ရာမှာ ကွက်ဒ်လို့ သိကြတဲ့ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနဲ့ ဩစတြေးလျ နိုင်ငံတို့ရဲ့ အားထုတ်မှုတွေကြောင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံရေး အားဖြည့်မှု ပိုကျယ်ပြန့် လာခဲ့တာပါ။
တရုတ်ကတော့ အပြန်အလှန် သဘောတူညီချက်တွေဟာ ဒေသတွင်း ယုံကြည်မှု၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို တိုးမြှင့်စေသင့်တယ်လို့ ဇန်နဝါရီ ၅ ရက်မှာ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။