close

မော်လမြိုင်တက္ကသိုလ်တွင် ကျောင်းတက်ရောက်သူ မရှိသေး

အာဏာသိမ်းစစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ မော်လမြိုင်တက္ကသိုလ်မှာ ကျောင်းဖွင့်ပြီး ၂ ရက်ကြာတဲ့အထိ ကျောင်းတက်ရောက်သူ မရှိသေးဘူးလို့ တက္ကသိုလ်ဆရာ၊ ဆရာမတွေက ဒီဗွီဘီ ကို ပြောပါတယ်။

စစ်ကောင်စီဟာ ဇန်နဝါရီ ၆ ရက်နေ့ကစပြီး တက္ကသိုလ်တွေမှာ ဥပဒေပညာနဲ့ ပညာရေး စတုတ္ထနှစ်၊ မဟာဘွဲ့သင်တန်း ပထမနှစ်နဲ့ ဒုတိယနှစ်၊ မဟာအရည်အချင်း စစ်သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးနေတာပါ။

ဒါပေမယ့် ဒီနေ့အချိန်ထိ ကျောင်းတက်ရောက်သူ မရှိသေးကြောင်းနဲ့ ကျောင်းတက်ဖို့ ကျောင်းသူ၊ ကျောင်းသားတွေ အခြေအနေ စောင့်ကြည့်နေတာ ဖြစ်နိုင်တယ်လို့ တက္ကသိုလ် ဆရာမတစ်ဦးက ပြောပါတယ်။

မော်လမြိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ကတော့ စစ်ကောင်စီက ဖွင့်လှစ်တဲ့ တက္ကသိုလ်တွေကို ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ကျောင်းမတက်ဘဲ သပိတ်မှောက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

ဒါအပြင် စစ်ကောင်စီက ဖွင့်လှစ်တဲ့ တက္ကသိုလ်တက်ရောက်ပြီး စာမေးပွဲ အောင်မြင်သွားရင်လည်း အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် ပြီးခဲ့တဲ့ မေလတုန်းက တက္ကသိုလ်တွေကို မရမက ပြန်လည်ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်တက္ကသိုလ်မှာတော့ ကျောင်းသူ၊ ကျောင်းသား ၄၀၀ ကျော်သာ တက်ရောက်ခဲ့တာပါ။

စစ်ကောင်စီဟာ ကျောင်းတက်ရောက်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေကို မအောင်မနေရ စနစ်နဲ့ စာမေးပွဲအောင်ပေးခဲ့ပါတယ်။

မော်လမြိုင်တက္ကသိုလ်မှာတော့ အဝေးသင်ကျောင်းသားနဲ့ Day ကျောင်းသား ၅၀၀၀၀ ကျော် ရှိနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up