close

၁၁ လကျော်အတွင်း စစ်တပ်က ပြည်သူ ၁၄၄၇ ဦးကို ပစ်သတ်၊ ၁၁၄၀၀ ကျော်ကို ဖမ်းဆီး

မတရားအာဏာသိမ်းကာလ ၁၁ လကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူပေါင်း ၁၄၄၇ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၁၄၂၁ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၄၆၈ ယောက် လက်ရှိချုပ်နှောင်ခံထားရ ဆဲဖြစ်ပြီး အဲဒီထဲက ၅၃၄ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၉ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၆ ဦးအနက် မျက်ကွယ်သေ ဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၇၈ ဦးရှိပြီဖြစ်ပါတယ်။

စစ်ကိုင်းပညာရေးကောလိပ်မှ ပထမနှစ်ကျောင်းသား ကိုမင်းခန့်ဇော်နဲ့ မန္တလေး နိုင်ငံခြား ဘာသာတက္ကသိုလ်(MUFL)မှ ပထမနှစ်ကျောင်းသား ကိုအောင်ပြည့်ဖြိုးတို့ လူငယ် ၂ ယောက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်က စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာပစ်ခတ်ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ကိုမင်းခန့်ဇော်ဟာ ဆံပင်တွေဆွဲနုတ်ခံထားရပြီး ရိုက်နှက်ခံထားရကာ ကိုအောင်ပြည့်ဖြိုးကတော့ ပေါင်မှာ ကျည်ထိမှန်ဒဏ်ရာနဲ့ ညှဉ်းပန်းနှိပ်စက်ခံထားရပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်ရဲ့ လည်ပင်းကို သံကြိုးနဲ့ ချည်ထားပြီး “မင်းကင်း PFF ဖြစ်ကြောင်း” နဲ့ “အရေးတော်ပုံကျရှုံးရမည်” စတာတွေကို အတင်းအဓမ္မအော်ခိုင်းကာ ညှဉ်းပန်းနှိပ်စက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၇ ရက်မနက် ၁၀ နာရီလောက်က တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ကျေးရွာထဲကို အကြမ်းဖက်စစ်အုပ်စုတပ်က ပစ်ခတ်ဝင်ရောက်လာတာကြောင့် ဒေသခံရွာသူ၊ရွာသားတွေ ထွက်ပြေးခဲ့ကြရတယ်လို့ သိရပါတယ်။ အဲဒီလို ထွက်ပြေးချိန်မှာ ပစ်ခတ်ခံရတာကြောင့် ပန်းရံလုပ်ကိုင်နေသူ အသက် ၁၄ နှစ်အရွယ် မောင်ခန့် ဇင်ထွေး၊ အသက် ၁၇ နှစ်အရွယ် မောင်အောင်သက်ဖြိုးနဲ့ မောင်ရဲဇော်ထိုက်တို့ဟာကျဆုံး သွားခဲ့ကြောင်းနဲ့ ဒေသခံအများအပြား ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up