close

အဘူဒါဘီရှိ စစ်ခြေစိုက်စခန်းကို ဟူသီအဖွဲ့ ဒုံးကျည်ဖြင့် ပစ်ခတ်

ယီမင်နိုင်ငံက ဟူသီလှုပ်ရှားမှုအဖွဲ့ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံ မြို့တော် အဘူဒါဘီက အယ်လ်ဒါဖရာစစ်တပ် အခြေစိုက်စခန်းကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဟူသီ ပြောခွင့်ရ ယာယာဆာရီယာ ဇန်နဝါရီ ၂၄ ရက်မှာ ပြောပါတယ်။

ဟူသီတွေဟာ ဒရုန်းယာဉ်တွေကို သုံးပြီး အဓိက ဧရိယာတွေကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့လည်း ဆာရီယာက ပြောပေမဲ့ ဘယ်နေရာတွေ ဆိုတာကိုတော့ အတိအကျ မပြောပါဘူး။ 

တနင်္လာနေ့ စစ်ဆင်ရေးဟာ ဆော်ဒီအာရေဗျ တောင်ပိုင်းက အထိမခံနိုင်တဲ့ နေရာတွေကိုလည်း ပစ်မှတ်ထားခဲ့တယ်လို့ ဟူသီစစ်တပ် ပြောခွင့်ရက ဆက်ပြောပါတယ်။

ယူအေအီးက သူ့ နိုင်ငံကို ပစ်မှတ်ထားတဲ့ ဟူသီတွေရဲ့ ပဲ့ထိန်းဒုံးကျည် ၂စင်းကို တနင်္လာနေ့မှာ ကြားဖြတ် ဖျက်ဆီးခဲ့တယ်။ အသေအပျောက် မရှိဘူးလို့ ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဆော်ဒီဦးဆောင်တဲ့ အာရပ်ညွန့်ပေါင်းတပ်က ဒုံးကျည်တစင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့လို့ အပိုင်းအစတွေကြောင့် နိုင်ငံတောင်ပိုင်းက စက်မှုဇုန် တခု အပျက်အစီး ရှိခဲ့တယ်လို့ ဆော်ဒီ အစိုးရ မီဒီယာက ဖော်ပြပါတယ်။

ဒုံးကျည် အပိုင်းအစတွေ၊ ကားနဲ့ အဆောက်အအုံတွေက တွန့်လိမ်နေတဲ့ သံတိုသံစတွေ ပြန့်ကျဲနေပုံ ရုပ်ပုံတွေကိုလည်း ဆော်ဒီအစိုးရရုပ်သံက ပြသခဲ့ပါတယ်။

ယီမင်က ဟူသီတပ်ဖွဲ့ဟာ ဆော်ဒီဦးဆောင်တဲ့ အာရပ်ညွန့်ပေါင်းတပ်ကို တိုက်နေတာ ၆နှစ် ကျော်ပါပြီ။

ဆော်ဒီကို နယ်စပ်ဖြတ်ကျော် ဒုံးကျည်တွေ ဒရုန်းယာဉ်တွေနဲ့ မကြာခဏ တိုက်ခိုက်နေပြီး ဇန်နဝါရီ ၁၇ ရက်ကတော့ ယူအေအီးကို မကြုံစဖူး စတင် တိုက်ခိုက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up