တရားမဝင် ဆင်စွယ်မှောင်ခိုကုန်ကူးနေသူများကို ခြေရာခံဖော်ထုတ်နိုင်မည့် နည်းလမ်းတခုတွေ့

ဆင်စွယ်တွေရဲ့ မျိုးဗီဇကို စမ်းသပ်ပြီး တရားမဝင် ဆင်စွယ်ကုန်ကူးနေတဲ့ ကွန်ရက်တွေနဲ့ ဆင်ခိုး ဖမ်းနေတဲ့ ဒေသတွေကို ဖော်ထုတ်ရာမှာ ကူညီနိုင်ပြီလို့ ဝါရှင်တန်တက္ကသိုလ်က ဇီဝဗေဒပညာရှင် ဆင်မြူယယ်ဝက်ဆာက ပြောပါတယ်။
ဒီရလဒ်ဟာ မှောင်ခိုမှုတွေ နောက်ကွယ်က နိုင်ငံဖြတ်ကျော် ရာဇဝတ်သား အဖွဲ့အစည်းတွေကို နှိမ်နင်းပြီး တရားစီရင်မှု အားဖြည့်ရာမှာ ကူညီနိုင်မယ့် အဓိကအချက်လို့လည်း ပြောပါတယ်။
၂၀၀၂ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်ကြား အာဖရိက ၁၂ နိုင်ငံက ဆင်စွယ်တန်ချိန် စုစုပေါင်း ၁၁၁ တန်ကို အမှုပေါင်း ၄၉ မှုကနေ သိမ်းဆည်းရမိခဲ့တာပါ။
သုတေသီတွေဟာ အဲဒီဆင်စွယ်တွေကနေ ဆင်ကောင်ရေ ၄၃၂၀ ရဲ့ မျိုးဗီဇတွေကို စမ်းသပ်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်က ပြောပါတယ်။
ဆင်တကောင်တည်းက ဆင်စွယ်တွေကို မှောင်ခိုသမားတွေက အကြိမ်ရေခွဲပြီး မတူတဲ့ အခေါက်တွေနဲ့ သင်္ဘောတင်ပို့ခဲ့ပြီး အာရှနဲ့ အာဖရိကဆိပ်ကမ်းတွေမှာ ရဲတွေက သိမ်းဆည်းရမိဖူးတာကိုလည်း ဝက်ဆာနဲ့ လုပ်ဖော်ကိုင်ဖက်တွေက အရင်သုတေသနတွေမှာ ဖော်ထုတ်နိုင်ခဲ့ဖူးပါတယ်။
“ယူဂန္ဓာနိုင်ငံကနေ ဆင်စွယ်ပမာဏ အကြီးဆုံးမှောင်ခိုကူးတာဟာ မွမ်ဘာဆာဆိပ်ကမ်းက ဖြစ်ပြီး ကင်ညာနဲ့ နိုင်ဂျီးရီးယားဆိပ်ကမ်းတွေကိုလည်း မကြာခဏ သုံးတယ်။ မှောင်ခိုကုန်ကူးသူတွေဟာ ဆိပ်ကမ်းတွေကို အချိန်နဲ့အမျှ ပြောင်းလဲသုံးစွဲနေတယ်။ ဒီကနေ့မှာ အာဖရိကမှာ ဆင်ကောင်ရေ ၄၁၅,၀၀၀ လောက် ရှိတယ်။ ဆင်ကောင်ရေ ၅ သောင်းလောက်ဟာ နှစ်စဉ် အသတ်ခံနေရတယ်လို့ ကျနော်တို့ ခန့်မှန်းထားတယ်”လို့ သဘာဝပတ်ဝန်းကျင် မှုခင်းသိပ္ပံပညာရှင်နဲ့ တက္ကသိုလ်ပူးတွဲ အမှုဆောင်ညွှန်ကြားရေးမှူး ဝက်ဆာက ပြောပါတယ်။