close

ရဟတ်ယာဉ်နှင့်ပတ်သက်သည့်အဂတိမှု တရားလိုတင်သွင်းသည့် သက်သေခံကို တရားရုံးလက်ခံ

နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သဘောဝဘေးကယ်ဆယ်ရေး ရဟတ်ယာဉ်ဝယ်ယူအသုံး ပြုတာနဲ့ပတ်သက်လို့  အဂတိအမှု ငါးမှုနဲ့ တရားစွဲဆိုထားတဲ့အမှုတွေကို ဖေဖော်ဝါရီ ၁၈ ရက်က ရုံးထုတ်စစ် ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီနေ့ရုံးချိန်းမှာ ပြီးခဲ့တဲ့အပတ်ရုံးချိန်းက တရားလိုဘက်က တင်သွင်းထားတဲ့ သက်သေခံတွေကို တရားရုံးက လက်ခံကြောင်း အမိန့်ချခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်ရုံးချိန်းတုန်းက တရားလို ဦးအောင်ခန့်(အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်)က သက် သေခံတင်သွင်းထားတာကို စွပ်စွဲခံရသူတွေဘက်က ကန့်ကွက်ထားတာဖြစ်ပါတယ်။

“တရားလိုဘက်က တင်သွင်းထားတဲ့ သက်သေခံစာရွက်စာတမ်းတွေကို လက်ခံကြောင်း တရားရုံးက အမိန့်ချ လိုက်တယ်။ နောက် တရားလိုဘက်က ဒီနေ့ သက်သေခံထပ်တင်တယ်။ ဒီနေ့တင်တာကိုလည်း စွပ်စွဲခံရသူ တွေဘက်က ကန့်ကွက်လိုက်တယ်။ အဲဒါနဲ့ပတ်သက်ပြီး နောက်ရုံးချိန်းမှာ လက်ခံ မခံ အမိန့်ချမယ်”  လို့ တရား ရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာအသုံးပြုဖို့ ရဟတ်ယာဉ်တစင်း ဝယ်ယူ၊၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

နောက်ရုံးချိန်းကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပြီး ယခင်စွဲဆိုထားတဲ့ အဂတိအမှုတွေကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up