ကနီမြို့နယ် ဒင်ပေါက်ကျေးရွာသား ၁ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ဒင်ပေါက်ကျေးရွာသားတစ်ဦးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၁၁ ဝန်းကျင်က ပစ်သတ်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၆ နာရီလောက်က ချင်တွင်းမြစ်အရှေ့ဘက် ရေဘုတလင်ကျေးရွားကနေ ချိုင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒင်ပေါက်ကျေးရွာသားတဦးကို ပစ်သတ်ခဲ့တာလို့ ရွာသားတစ်ဦးက ပြောပါတယ်။
“သူတို့လာတော့ ရွာသားတွေ ပြေးကြလွှားကြပေါ့ဗျ။ သူတို့လာရင်ကို ပြည်သူတွေက ကြောက်လန့်နေကြတယ်။ အခုလည်း သူတို့လာတော့ ဆိုင်ကယ်နဲ့ နှစ်ယောက် ထွက်ပြေးရင်း ချိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းကနေ စစ်သားတွေက ပစ်သတ်ခဲ့တာ။ သေတဲ့သူက ဦးခိုင်ဇော်ဝင်းပါ။ အသက်က ၄၀ လောက်တော့ရှိမယ်။ နောက်ကျောကျည်ထိမှန်ပြီး သေဆုံးသွားတယ်။”
အဲဒီစစ်ကောင်စီတပ်ဟာ ဒင်ပေါက်ကျေးရွာနဲ့ ကျေးရွာချင်းကပ်လျက်ဖြစ်တဲ့ ချိုင်ကျေးရွာက အောင်သရဖူ စာသင်ဝိုင်းရဲ့ နေအိမ်နဲ့ ဈေးဆိုင်တွေကိုလည်း မွှေနှောက်ဖျက်ဆီးသွားခဲ့ကြတယ်လို့ ရွာသားတွေက ပြောပါတယ်။
ဒင်ပေါက်ကျေးရွာသားတဦးအား သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ ကနီမြို့နယ် အိုင်ထောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ လက်ရှိတပ်စွဲထားတယ်လို့ သိရပါတယ်။