မြစ်ထဲပြုတ်ကျသွားသည့် ထိုင်းသရုပ်ဆောင်မင်းသမီး တိုင်မို၏ အလောင်းပြန်တွေ့

ထိုင်းနိုင်ငံအလယ်ပိုင်း ပထုန်ဌာနီခရိုင် ကျောက်ဖရားမြစ်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က စပိဘုတ်စက်လှေစီးရင်း ရေထဲ ပြုတ်ကျသွားခဲ့တဲ့ ထိုင်းသရုပ်ဆေင်မင်းသမီး “ တိုင်မို နိဒါး ”ကို ကယ်ဆယ်ရေးအဖွဲ့တွေက မနားတမ်းရှာဖွေနေရာမှာ ဒီကနေ့ မွန်းလွဲ ၁ နာရီလောက်မှာ သူ့ရဲ့ အလောင်းပြန်တွေ့ခဲ့ပါတယ်။
တိုင်မိုရဲ့မိခင်ဖြစ်သူက ခရစ်ယာန်ထုံးစံအရ သူ့အတွက်ရည်စူးတဲ့ ကြာပန်းပွင့်ကို ရေထဲမျှောချလိုက်ပြီး နာရီဝက်အကြာ ကြာပန်းနဲ့မနီးမဝေးတနေရာမှာ ရေထဲပေါလော မျှောနေတဲ့ သူ့အလောင်းကို ပြန်တွေ့တာလို့ အစ်ကိုဖြစ်သူက ပြောပါတယ်။
သူ့ကိုပြန်လည်တွေ့ရှိဖို့ ကယ်ဆယ်ရေးအဖွဲ့ကလှေတွေရော ၊ ရေတပ်က ရေငုပ်သမားတွေ၊ မိသားစုဘက်ကလည်း လှေတွေနဲ့ လိုက်လံရှာဖွေရာမှာ ဖိဘွန်းဆုန်ခ လမ်းလှေဆိပ်အနီး မြစ်ထဲမှာ တိုင်မိုဝတ်ဆင်နေကျအင်္ကျီကို အစ်ကိုဖြစ်သူက အရင်ဆုံး လှမ်းမြင်ပြီး အနီးသို့ရောက်သွားတော့ အမှန်တကယ်ဘဲ ညီမရဲ့အလောင်းဖြစ်နေတာကို တွေ့ရတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
နေ့ခင်း ၁ နာရီခွဲလောက်မှာ မှုခင်းဆရာဝန်နဲ့ သက်သေခံစစ်ဆေးရေးရဲတပ်ဖွဲ့ ရောက်လာပြီး အလောင်းကိုဆယ်ယူထုတ်ပိုးကာ ရန်းဆစ်နယ်မြေ ထမဆတ်ဆေးရုံကြီးကို ပို့ဆောင်လိုက်ပါတယ်။
သူနဲ့ အဖော် ၅ ယောက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က ပထုန်ဌာနီမြို့ ဆာမ်ခုတ်စားသောက်ဆိုင်မှာ သွားရောက်စားသောက်ခဲ့ပြီး စပိဘုတ်လှေနဲ့အပြန် လမ်းခု လတ်မှာ တိုင်မိုက ရေထဲပြုတ်ကျသွားတာ ဖြစ်ပါတယ်။
သူပြုတ်ကျခင် မြင်လိုက်တဲ့ သက်သေတစ်ဦးကတော့ တိုင်မိုဟာ သူ့ဖော်တွေနဲ့အတူမနေဘဲ စပိဘုတ်ရဲ့အမြီးပိုင်းမှာ တယောက်တည်းထိုင်နေတယ်လို့ ဆိုပါတယ်။ ဒီမတိုင်ခင်က သူမဟာ ယာဉ်မတော်တဆမှုဖြစ်ခဲ့ဖူးပြီး မျက်နှာကို ပလပ်စတိတ်ဆာဂျရီလုပ်ခဲ့ပါတယ်။ နောက်တော့ အိပ်ဆေးအလွန်အကျွံသောက်ပြီး မိမိကိုယ်မိမိ သေကြောင်းကြံဖို့ ကြိုးစားကြောင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
အမျိုးသားသရုပ်ဆောင် ဒိုနိုဖားခင်းနဲ့အိမ်ထောင်ကျပြီး အိမ်ထောင်ကွဲခဲ့ပါတယ်။ ကွယ်လွန်ချိန် အသက် ၃၇ နှစ်ရှိပြီး မွေးစားသမီး ၁ ယောက်ရှိပါတယ်။