ရခိုင်ကဗျာပွဲတော် ပထမဆုံးအကြိမ် ကျင်းပမည်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှာ ရခိုင်မော်ဒန် ကဗျာဆရာတွေက ဦးဆောင်ပြီး ရသေ့တောင် ကဗျာပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပမယ်လို့ ပွဲစီစဥ်ကျင်းပရေးကော်မတီက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီ ရခိုင်မော်ဒန်ကဗျာပွဲတော်ကို လာမယ့် မေလ ၇ ရက်မှ မေလ ၈ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ကဗျာစာတမ်းတင်သွင်းလိုသူတွေ မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး တင်သွင်းဖို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။

ရသေ့တောင်မှာ အခုချိန်ထိ ကဗျာပွဲတော် ကျင်းပတာ မရှိသေးဘဲ စစ်တွေနဲ့ သံတွဲမှာတော့ ကဗျာပြပွဲနဲ့ Performance တွေလုပ်ခဲ့ဖူးတာရှိပါတယ်။
အခု ကဗျာပွဲမှာတော့ ကဗျာစာတမ်းဖတ်ပွဲ၊ ကဗျာစကားဝိုင်းနဲ့ ကဗျာအကြောင်း ကဗျာဖြတ်သန်းမှုသမိုင်း စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် ကဗျာဆရာ ကိုဝင်ရိုးက ပြောပါတယ်။
ဒီပွဲကို ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက ရခိုင်ကဗျာဆရာတွေ၊ ကဗျာဆရာမတွေကို ဖိတ်ခေါ်သွားမှာဖြစ်ပြီး ပွဲကို လာရောက်ကြမယ့် ကဗျာဆရာ၊ ဆရာမတွေအတွက် နေထိုင်စားသောက်ရေးအတွက်ပါ တာဝန်ယူသွားမယ်လို့ သိရပါတယ်။
အဆိုပါကဗျာပွဲတော်ကို ၂၀၁၉ ခုနှစ်တုန်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်မှာ ကျင်းပဖို့ စီစဥ်ခဲ့ပေမဲ့ ကိုဗစ်ဖြစ်ပွားနေတာအပြင် စစ်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မကျင်းပနိုင်ခဲ့ပါဘူး။