ငွေကြေးဖောင်းပွမှု ဆက်ဖြစ်နေပါက ဘဏ်အတိုးနှုန်း တိုးမြှင့်မည်ဟု အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ပြော

ငွေကြေးဖောင်းပွမှု အလွန်အကျွံ ဆက်တက်နေ မယ်ဆိုရင် ယခုမတ်လအတွင်း ဗဟိုဘဏ်အတိုးနှုန်းကို သတိထားပြီး တိုးမြှင့်သွားမယ်လို့ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရုမ်းပါဝဲလ်က အောက်လွှတ်တော်ကို အစီရင်ခံတင်ပြရာမှာ ပြောခဲ့ပါတယ်။
ဗဟိုဘဏ်က နှစ်စဉ် ငွေကြေးဖောင်းပွမှု ၂ ရာခိုင်နှုန်းအထိသာ သတ်မှတ်ထားပေမဲ့၊ ကိုဗစ်ကပ်ဘေး စဖြစ်ကတည်း ငွေကြေးဖောင်းပွမှု တရိပ်ရိပ်တက်နေပြီး ဒီနှစ် ဖေဖော်ဝါရီမှာ ၇ ဒသမ ၅ ရာခိုင်နှုန်းထိ တက်နေတာပါ။ နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံးဖောင်းပွမှုပါ။
ပါဝဲလ်က ငွေကြေးဖောင်းပွမှု ခေါင်းမာမာနဲ့ ဆက်တက်နေမယ်ဆိုရင် ဗဟိုဘဏ်အတိုးနှုန်းကို ‘25 basis point’ ထက် ကျော်ပြီး တိုးမြှင့်သွားမယ်လို့ ပြောပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် ငွေကြေးဈေးကွက်နဲ့ လုပ်သား ဈေးကွက် ထိခိုက်မှုတွေ ရှိနိုင်တယ်လို့လည်း သတိပေးပါတယ်။
စစ်ပွဲနဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် စီးပွားရေးအပေါ် အဆုံးစွန်သက်ရောက်မှုကတော့ ခန့်မှန်း လို့ မရတဲ့ မသေချာ မရေရာမှုတွေပါ လို့ လွှတ်တော်ကို ပြောပါတယ်။