close

ကိုးကန့်တပ်မတော် တည်ထောင်ခြင်း ၃၃ နှစ်မြောက်နေ့နှင့် ဦးဖုန်းကြာရှင်ကို အောက်မေ့ အမှတ်တရ ပွဲကျင်းပ

ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ကိုးကန့်တပ်မတော် MNDAA တည်ထောင်ခြင်း ၃၃ နှစ်မြောက် နှစ်ပတ်လည်နေ့နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ MNDAA တည်ထောင်သူ  ဥက္ကဋ္ဌဟောင်း ဦးဖုန်ကြားရှင်ကို အောက်မေ့သတိရခြင်း အမှတ်တရပွဲ ကျင်းပခဲ့တယ်လို့ ကိုးကန့် သတင်းမှာ ထုတ်ပြန်ထားပါတယ်။ 

မတ် ၁၁ ရက်နေ့က  ကိုးကန့်တပ်မတော် MNDAAဌာနချုပ် တပ်မဟာ ၂၁၁ ၊ တပ်မဟာ ၃၁၁ ၊တပ်မဟာ ၅၁၁ ၊ တပ်မဟာ ၆၁၁ ၊ ကွတ်ခိုင်ခရိုင် ၊ မုံးကိုးခရိုင် ၊ မူပန်ခရိုင် ရှိတပ်ဖွဲ့ဝင်တွေက  ကိုးကန့်တပ်မတော် MNDAA တည်ထောင်ခြင်း ၃၃ နှစ်မြောက်အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

အထိမ်းအမှတ်နေ့မှာ MNDAA ကို ထူထောင်ခဲ့တဲ့ သမိုင်း၊ ကိုးကန့်အမျိုးသား တော်လှန်ရေးသမိုင်းအကျဉ်းနဲ့ ဦးဖုန်ကျားရှင်းရဲ့  ဘဝ နိဒါန်းအကျဉ်းတို့ကိုလည်း လေ့လာခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အသက် ၉၄ နှစ်အရွယ်ရှိ MNDAA အဖွဲ့ ခေါင်းဆောင် ဖုန်ကြားရှင်ဟာ ဖေဖော်ဝါရီ ၁၆ ရက် မနက် က ကွယ်လွန်သွားတာဖြစ်ပါတယ်။

ဦးဖုန်ကြားရှင်ဟာ ဘိန်းရာဇာတစ်ဦးအဖြစ် နာမည်ကျော်ကြားခဲ့သူ ဖြစ်သလို မဆလ အစိုးရကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေဖြစ်တဲ့ ကွမ်းလုံ ရက် ၄၀ တိုက်ပွဲမှာ ကိုးကန့်သားတွေ ဖြစ်တဲ့ ဖုန်ကြားဖူး၊ လော်စစ်ဟန်တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဗကပ အပြိုအကွဲဖြစ်ချိန်မှာ စစ်အစိုးရလက်ထက် စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ခင်ညွန့်ကာ သွားရောက် ညှိနှိုင်းတွေ့ဆုံမှုတွေ ရှိခဲ့ပြီးနောက် နဝတစစ်အစိုးရလက်ထက်မှာ လက်နက်နဲ့ ငြိမ်းချမ်းရေးရယူခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ စစ်အစိုးရက ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲစေခဲ့တာကို လက်မခံခဲ့တဲ့အတွက် စစ်အစိုးရက ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ MNDAA ကို မူးယစ်ဆေးဝါး နှိမ်နင်းရေး အကြောင်းပြချက်နဲ့ ဖျက်သိမ်းကာ စတင်ရှင်းလင်း တိုက်ခိုက်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ MNDAAဟာ ရက္ခိုင့်တပ်တော် (AA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တို့အတူ ပူးပေါင်းကာ မဟာမိတ်ညွန့်ပေါင်းတပ်ဖွဲ့အဖြစ် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့မှာ ပါဝင်ခဲ့ပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေနဲ့ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up