close

ရှအစ်ယန် စစ်​ရှောင်စခန်းတွင် မီး​လောင်မှု ဖြစ်ပွား

ကချင်ပြည်နယ်၊ လိုင်ဇာမြို့နယ်ရှိ အကြီးဆုံး စစ်​ရှောင်စခန်း ၁ ခုဖြစ်တဲ့ ရှအစ်ယန် စစ်​ရှောင် စခန်းမှာ မတ်လ ၁၃ ရက်​နေ့ နေ့လယ် ၁ နာရီလောက်က မီး​လောင်ကျွမ်းမှု ဖြစ်ပွားခဲ့​တယ်လို့ စစ်​ရှောင်တွေက ပြောပါတယ်။

“နေ့လယ် ၁ နာရီ ဝန်းကျင်က။ ရှအစ်ယန် စစ်​ရှောင်စခန်းရပ်ကွက် ၁ က လဖိုင်အိမ်ပါ။ အိမ် ၁ အိမ်ပဲ။ အားလုံး ​လောင်သွားတယ်။ ဘာမှမရလိုက်ဘူး။ လူက​တော့ ဘာမှမဖြစ်ဘူး။ တခြားအိမ်​နီးချင်းတွေ​ကိုတော့ မကူးဘူး” လို့ အဲဒီ စစ်​ရှောင်စခန်း ရပ်ကွက် ၃ မှာ ​နေထိုင်သူ ၁ ဦး က ​ပြောပါတယ်။

အဲဒီအိမ်က အိမ်ရှင်အမျိုးသမီး မီးဖွား​နေလို့ ​အိမ်ရှင် အမျိုးသားပါ ​ဆေးခန်း​ရောက်​နေပြီး အဘွား ဖြစ်သူက ​ဆေးခန်းကို ထမင်းသွားပို့ချိန် ​ရေ​နွေးကျိုတဲ့ လျှပ်စစ်ကွိုင်ကြိုး အပူလွန်ကဲပြီး မီး​လောင် မှု ဖြစ်ပွားခဲ့တာလို့ အဲဒီစစ်​ရှောင်စခန်းမှာ ​နေထိုင်သူ ၁ ဦး က ​ပြောပါတယ်။

"နေအိမ်မှာ က​လေးငယ်​တွေပဲ ကျန်ခဲ့တာ။ မိသားစုဝင် ၉ ​ယောက်ရှိတယ်။ မိဘ ၂ ပါးနဲ့ က​လေး ၆ ​ယောက်၊ အဘွားရယ်။ လောင်သွားတာက ၁ အိမ်တည်းပဲ။ လူ​တွေအားလုံး ဘေးပတ်ဝန်းကျင် အိမ်​တွေကို မီးမကူးဖို့ပဲ တားနိုင်ခဲ့တာ။ အဲဒီအိမ်ကို​တော့ ဘာမှလုပ်လို့မရနိုင်ခဲ့ဘူး။  အကုန်​လောင်သွားတယ်။ ဘာတခုမှမရလိုက်ဘူး။”

အခက်အခဲအကျပ်အတည်းကာလမှာ အခုလို ဖြစ်သွားတာကြောင့် စားစရာမရှိ၊ ခြုံစရာ ​စောင်မရှိ အ​အေးလွန်ကဲတဲ့ဒေသမှာ ဒုက္ခဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တာ​ကြောင့် ၂၀၁၀၊ ၂၀၁၁ ခန့်ကတည်းက အကြိမ်ကြိမ်တိမ်းရှောင်လာကြတဲ့ ပါ​ဂျော်ဝ် ရှအစ်ယန် စစ်​ရှောင်စခန်းမှာ ရပ်ကွက် ၅ ခုရှိပြီး အိမ်​ခြေ ၃၉၀ လောက်ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up