ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ၏ သမီးငယ် ဖွေ့ထိုင်းပါတီခေါင်းဆောင်ဖြစ်လာ

လက်ရှိထိုင်းအစိုးရရဲ့ အတိုက်အခံပါတီတခုဖြစ်တဲ့ ဖွေ့ထိုင်းပါတီရဲ့ မိသားစုတွေ့ဆုံပွဲကြီးကို မတ်လ ၂၀ ရက်နေ့က ထိုင်းအရှေ့မြောက်ပိုင်း ဥဒွန်းဌာနီခရိုင်မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါတွေ့ဆုံပွဲကို “ဖွေ့ထိုင်းမိသားစု မူလနှလုံးသားနဲ့ ကြီးမားတဲ့အိမ်ထောင်စု” လို့ ခေါင်းစဉ်တပ်ပြီး လူပေါင်း ၁၅၀၀ ကျော် ပါဝင်ဆင်နွှဲကာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ သမီးငယ်ဖြစ်တဲ့ အသက် ၃၅ နှစ်ရွယ်ရှိ အွန်အင်း ခေါ် ဖဲထောင်းထန်း ရှင်နာဝပ်ကို မိသားစုရဲ့ ခေါင်းဆောင်အဖြစ် တင်မြှောက်ကြောင်း ကြေညာခဲ့ပါတယ်။
မကြေညာခင်မှာ ဖွေ့ထိုင်းပါတီခေါင်းဆောင် နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဖွေ့ထိုင်းပါတီ ဖြတ်သန်းလာခဲ့ရတဲ့ နိုင်ငံရေးသမိုင်းကြောင်း၊ ပါတီဆောင်ရွက်ချက်၊ အနာဂတ်ရည်မှန်းချက်တွေကို တဦးစီ ဟောပြောခဲ့ပါတယ်။
ဖွေ့ထိုင်းပါတီလို့ အမည်မပြောင်းခင်က ထိုင်းရတ်ထိုင်းဆိုတဲ့ပါတီအမည်နဲ့ ရွေးကောက်ပွဲဝင်ခဲ့ပြီး အမတ်နေရာအများဆုံးနဲ့ အပြတ်အသတ်အနိုင်ရခဲ့ကာ ပါတီခေါင်းဆောင် သက်ဆင်ရှင်နာဝပ်က ဝန်ကြီးချုပ်သက်တမ်း နှစ်ဆက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူတို့ပါတီအစိုးရဖြစ်ခဲ့စဉ်က ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ အဆင့် ၅ ရှိ စီးပွားရေးအင်အားကြီး ကျားတစ်ကောင်ဖြစ်ခဲ့ပြီး လက်ရှိ ဝန်ကြီးချုပ် ပရာယွတ်ချမ်အိုချာလက်ထပ်မှာတော့ ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ (-) အဆင့်ကို ရောက်သွားတယ်လို့ ပြောခဲ့ပါတယ်။
သူတို့ခေါင်းဆောင် သက်ဆင်ရှင်နာဝပ်ဟာ နိုင်ငံရေးထိုးနှက်မှုတွေခံရပြီးတဲ့နောက် ပါတီဝင်တွေက ဖွေ့ထိုင်းပါတီကို တည်ထောင်ခဲ့ကြောင်း၊ ပါတီအမည်နဲ့ ပါတီခေါင်းဆောင်တွေပြောင်းလဲခဲ့ပေမယ့် လက်ရှိ ဖွေ့ထိုင်းပါတီရဲ့ ဒီအန်အေဟာ နဂိုထိုင်းရတ်ထိုင်းပါတီရဲ့ ဒီအန်အေ မျိုးဗီဇသာဖြစ်ပြီး ပြည်သူတရပ်လုံးကောင်းစားရေးကို ဦးတည်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အဲဒီနောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ သမီးငယ် အသက် ၃၅ နှစ်ရွယ်ရှိ အွန်အင်း ခေါ် ဖဲထောင်းထန်း ရှင်နာဝပ်ကို ဖွေ့ထိုင်းမိသားစုရဲ့ ခေါင်းဆောင်အဖြစ် တင်မြှောက်ကြောင်း ကြေညာခဲ့ပါတယ်။
သူကလည်း ဖွေ့ထိုင်းမိသားစုဟာ ထိုင်းပြည်သူတွေရဲ့ မိသားစုဖြစ်ကြောင်း၊ ဖွေ့ထိုင်းမိသားစုကြီးဟာ ဖွေ့ထိုင်းပါတီထက်ပိုမိုကြီးမားကြောင်း၊ ဒီမိသားစုထဲမှာ လူငယ်၊ လူလတ်၊ လူကြီးအရွယ်စုံ၊ အလွှာစုံ ပါဝင်ကြောင်း၊ အာဏာရှင်စနစ်ပြုတ်ကျရေးနဲ့ ဖွေ့ထိုင်းအစိုးရ ထူထောင်မယ်၊ ဉပဒေတွေရေးဆွဲမယ်၊ ထိုင်းပြည်သူပြည်သားတွေရဲ့ ပိုက်ဆံအိတ်ဟာ ဂုဏ်ရှိစွာနဲ့ ဖောင်းစေရမယ်လို့ပြောဆိုခဲ့ပါတယ်။
တွေ့ဆုံပွဲအပြီးမှာ သတင်းထောက်တွေက သူ့ကို ဝန်ကြီးချုပ်နေရာမှာ ယှဉ်ပြိုင်အရွေးခံမှာလားလို့ မေးမြန်းရာမှာ သူကတော့ ဖြေဆိုဖို့ စောသေးတယ်လို့ ဖြေကြားခဲ့ပါတယ်။
မိမိနေရာရဖို့ထက် အဓိကကတော့ ပြည်သူတွေကို အလုပ်အကျွေးပြုဖို့နဲ့ နိုင်ငံ့စီးပွားရေးမြှင့်တင်ဖို့ကို ဆောင်ရွက်မယ်လို့လည်း ဖြည့်စွက်ပြောကြားသွားပါတယ်။
အွန်အင်း ခေါ် ဖဲထောင်းထန်းရှင်နာဝပ်ဟာ အမေရိကန်နိုင်ငံမှာ မွေးဖွားပြီး ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံဘာသာနဲ့ မဟာသိပ္ပံဘွဲ့ရခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူမှာ လေယာဉ်မှူးတဦးဖြစ်ပြီး ၃ နှစ်ရွယ် သမီး ၁ ယောက်ရှိပါတယ်။
သူ့ဖခင်ထိုင်းကိုပြန်လာမယ့်ကိစ္စဟာ မြေးတွေနဲ့ အတူနေဖို့သာဖြစ်ပြီး နိုင်ငံရေးကိစ္စ မဟုတ်ဘူးလို့ဆိုပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ လက်ရှိ အသက် ၇၂ နှစ်ရှိပြီဖြစ်ပါတယ်။