close

ကျားပေါက်နဲ့ ဒေါင်းအပါအဝင် ၁၇ ဦးကို စစ်ကောင်စီက နိုင်ငံသားအဖြစ်မှ ရပ်စဲ

အဆိုတော်ကျားပေါက်၊ သရုပ်ဆောင် မင်းသား ဒေါင်း၊ စာရေးဆရာ သရဝဏ်-ပြည်နဲ့ ဦးကျော်မိုးထွန်းအပါအဝင်  ၁၇ ယောက်ကို မြန်မာနိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) ကနေ ဧပြီ ၁ ရက် ည ၈ နာရီသတင်းမှာ ကြေညာသွားပါတယ်။

နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်ပြီး ပြည်ပနိုင်ငံတွေကို တရားမဝင်ထွက်ခွာသွားတဲ့ အောက်ပါပုဂ္ဂိုလ်တွေဟာ မြန်မာနိုင်ငံရဲ့အကျိုးကို ထိခိုက် စေနိုင်တဲ့ လုပ်ဆောင်ချက်ပြုလုပ်ခဲ့တာ စိစစ်ဖော်ထုတ်တွေ့ရလို့ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆၇ အရဖွဲ့စည်းထားတဲ့ ဗဟိုအဖွဲ့ကနေ  ပုဒ်မ ၆၈ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး  ဒီဥပဒေပုဒ်မ ၁၆ နဲ့အညီ  နိုင်ငံသားအဖြစ်မှ ရပ်စဲတာလို့ စစ်ကောင်စီ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကြေညာခံရသူ ၁၇ ယောက်ထဲမှာတော့ ကိုမောင်မောင်လတ်၊ ဦးကျော်မိုးထွန်း၊ ကိုအောင်ကျော်နိုင်၊ မမြမြကြည်၊  ကိုကျော်စွာမင်း၊ မသက်ထားမြရည်စံ၊ မစုစုအောင်၊ ကိုကျော်စွာထွန်း၊ မကြူကြူမြင့်၊ မမြတ်သွယ်အောင်၊  ယမင်းယု၊ ကိုရဲခေါင် (ခ) ရဲခေါင်ကျော်စွာ၊ ဟန်ထူးလွင် (ခ)ကျားပေါက်၊ မေဦး (ခ) ဟိန်းမင်းဦး၊ ညီညီ (သရဝဏ်-ပြည်)၊ ကိုဟန်လင်း (ခ) ဖြိုးဟန်ကျော်၊ ဒေါင်း (ခ) သူရအောင်တို့ ပါဝင်ပါတယ်။

အလားတူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ အိပန်ဆယ်လိုနဲ့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေ အပါအဝင် ၁၁ ဦးကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း  စစ်ကောင်စီက ပြီးခဲ့တဲ့  မတ်လ  ၄ ရက်က ထုတ်ပြန်ကြေညာထားခဲ့တဲ့အတွက် စုစုပေါင်း ၂၈ ဦးရှိသွားပြီ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်​ကောင်စီအဖွဲ့ဟာ အစိုးရမဟုတ်တဲ့အတွက် သူတို့ထုတ်ပြန်တဲ့ ‘နိုင်ငံသားဖြစ်မှုက ရပ်စဲခြင်း’ ဆိုတာ တရားမဝင်ဘူးလို့ ကြေညာခံထားရသူတွေက တုံ့ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up