သမ္မတနုတ်ထွက်ရန် ဆန္ဒပြတောင်းဆိုမှုများကြားမှ သီရိလင်္ကာအစိုးရအဖွဲ့ တိုးချဲ့ဖွဲ့စည်း

သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပတ်စာဟာ နုတ်ထွက်ဖို့ တောင်းဆိုတာကို ခံနေရတဲ့ကြားက ဧပြီ ၁၈ ရက်မှာ ဝန်ကြီးအသစ် ၁၇ ယောက်နဲ့အတူ သူ့ရဲ့ အစိုးရအဖွဲ့ကို တိုးချဲ့ ဖွဲ့စည်းလိုက်ပါတယ်။
တိုင်းပြည်ရဲ့ စီးပွားရေး အကျပ်အတည်းကို အစိုးရအဖွဲ့က ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာကြောင့် သူ့ရဲ့ မိသားစုဝင် အတော်များများကို အစိုးရ အဖွဲ့ထဲမှာ မထည့်တော့ဘဲ ထားခဲ့ပါတယ်။
အရင်ကတော့ အစိုးရအဖွဲ့နဲ့ လွှတ်တော်ထဲမှာ သူ့မိသားစုဝင် ၁၂ ယောက်အထိ ရှိခဲ့တာပါ။ ဒါပေမဲ့ သမ္မတရဲ့ အစ်ကို မဟင်ဒြာ ရာဂျာပတ်စာကတော့ ဝန်ကြီးချုပ် ရာထူးမှာ ရှိနေဆဲပါ။
အရင်အစိုးရ အဖွဲ့ဝင်ဟောင်း ငါးယောက်သာ နောက်တကြိမ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပြီး ကျန်နေရာ အများစုကိုတော့ အာဏာရပါတီဝင်တွေကို ခွဲဝေပေးခဲ့ပါတယ်။
တိုင်းပြည်မတည်ငြိမ်တာ ပိုဆိုးလာတဲ့ အခြေအနေကို ရင်ဆိုင်နေရတဲ့ ရာဂျာပတ်စာဟာ ဒီလ အစောပိုင်းမှာ အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး ညီညွတ်ရေးအစိုးရတရပ် ဖွဲ့စည်းဖို့ လွှတ်တော်အတွင်း ပါတီအားလုံးကို ဖိတ်ခေါ်ခဲ့ပါတယ်။
ဒီကမ်းလှမ်းချက်ကို အတိုက်အခံအုပ်စုတွေနဲ့ လက်ရှိ အာဏာရ မဟာမိတ်အဖွဲ့ဝင်တွေက ပယ်ချခဲ့ ပါတယ်။
ချေးငွေအစီအစဉ်အတွက် ရာဂျာပတ်စာ အစိုးရဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ဧပြီ ၁၈ ရက်နေ့ စပြီး ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
ဘဏ္ဍာရေး အကျပ်အတည်းအခြေအနေကနေ ထွက်ပေါက်ရှာရာမှာ နိုင်ငံရေး မတည်ငြိမ်မှုက အခက်အခဲဖြစ်နေတယ်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။