close

စစ်အုပ်စုမိသားစုဝင် ထောင်ချီ နေပြည်တော်သို့ ထွက်ပြေး ရွှေ့ပြောင်းလာ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေရဲ့ စိုးမိုးတဲ့နယ်မြေတွေ တဖြည်းဖြည်းပိုများလာကြောင့် စိုးရိမ်ကြောက်လန့်ပြီး နေပြည်တော်သို့ ထွက်ပြေးရွေ့ပြောင်း နေထိုင်လာကြတဲ့ စစ်အုပ်စု မိသားစုဝင် လူဦးရေ ၁၀၀၀ ကျော်ရှိပြီး သူတို့အတွက် ကုလသမဂ္ဂအေဂျင်စီတခုထံမှာ အကူအညီတောင်းထားတယ်လို့ နေပြည်တော် စစ်ကောင်စီ အသိုက်အဝန်းကနေ သိရပါတယ်။

မြန်မာနိုင်ငံဒေသအနှံ့ တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးများလာတာ၊ တပ်ကို စွန့်ခွာထွက်ပြေးတာနဲ့ စစ်အုပ်စုနဲ့ ဆက်နွှယ်သူတွေ အသတ်ခံရတာတွေရှိလာတဲ့အတွက် ထောင်နဲ့ချီတဲ့ မိသားစုဝင်တွေဟာ လွတ်မြောက်မယ်ထင်တဲ့ နေပြည်တော်ကို လတ်တလော သီတင်းပတ်တွေမှာ ရွေ့ပြောင်းနေ ထိုင်လာနေကြတာပါ။

နေပြည်တော်မှာ တိုက်ပွဲရှောင်စခန်းဖွင့်ထားတာမရှိပေမဲ့  ထွက်ပြေးလာသူတွေနေထိုင်တဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ လူဦးရေစာရင်းတခုပြုလုပ်ထားပြီး တိုက်ပွဲရှောင် ယာယီရွေ့ပြောင်းနေထိုင်ရသူများစာရင်းဆိုပြီး ကုလသမဂ္ဂ အေဂျင်စီကို ဧပြီ ၂၀ ရက်က တင်ပြပြီးအကူအညီတောင်းခံထားတယ်လို့  နေပြည်တော်ကောင်စီနဲ့ နီးစပ်သူတယောက်ထံကသိရပါတယ်။ 

နေပြည်တော် ဒေသခံတဦးက “အဲ့ဒီရွေ့ပြောင်းလာမှုက ပထမတော့ သိပ်မသိသာဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ်  ပြောင်းလာကြတာ။ အရင်က ဇမ္ဗူသီရိတို့ ဘာတို့နဲ့ တခြားနေရာတွေ အရင်တုန်းကတော့ နေမယ့် သူမရှိတဲ့ နေရာတွေ ချောင်ပေါ့။ အဲ့ဒီနေရာတွေက အရင်တုန်းက ကျပ် သိန်း ၅၀ လောက်ပဲရှိတာ  အခု ၂၀၀ ကျော်လောက်ဖြစ်သွားတယ်။ အခုပြောင်းလာတဲ့သူတွေ အများစုက၊ တပ်မိသားစုဝင်တွေများတယ်၊ သူတို့တတွေပဲဝယ်ပြီး အမြန်ဆောက်နေနေကြတယ်။ တချို့တွေလည်း  အိမ်ပါတဲ့ မြေကွက်လေးတွေ  ဝယ်နေကြတယ်။  ပိုသိသာလာတာက ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ အသတ်ခံရပြီးတဲ့နောက်မှာတော့ အရမ်းကို သိသာလာတယ်။ ရန်ကုန်စစ်ကောင်စီအသိုက်အဝန်းက လှိမ့်ပြီးရွေ့ ပြောင်းလာကြတာ”လို့ ပြောပါတယ်။

နေပြည်တော် ပြည်ထောင်စုနယ်မြေထဲက တပ်ကုန်း ၊ဇေယျာသီရိ၊   ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ ၊ ဇမ္ဗူသီရိ ၊ လယ်ဝေး၊ ပျဉ်းမနား ဒေသတွေကို ကယား၊ မကွေး၊ စစ်ကိုင်း၊ ချင်း၊ ရှမ်းဒေသတွေက ရွေ့ပြောင်းလာသူပေါင်း ၁၀၈၀ ယောက်ရှိပြီး သူတို့ဆက်စပ်ပတ်သက်သူတွေရှိတဲ့ ရပ်ကွက် ကျေးရွာ အုပ်စုတွေမှာ  နေထိုင်နေကြတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုက ငြိမ်းချမ်းစွာ  တောင်းဆိုဆန္ဒပြခဲ့ကြပေမဲ့ စစ်ကောင်စီတွေက အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်၊ ရိုက်နှက် ဖမ်းဆီး ထောင်ချမှုတွေ ပြုလုပ်လာတာကြောင့် နိုင်ငံအနှံ့အပြားက  PDF တွေနဲ့ ပြည်သူတွေက ရရာလက်နက်စွဲကိုင်ပြီး ခုခံတွန်းလှန်စစ်ပွဲ ဆင်နွှဲ နေကြတာဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာ  ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရသူပေါင်း ၉၁၂၇၀၀ ဦးရှိပြီး ဒီအထဲမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ လက်နက်ကိုင် ပဋိပက္ခနဲ့ လုံခြုံဘေးကင်းမှုမရှိတဲ့ အခြေအနေတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း ၅၆၆၁၀၀ ဦးလည်းပါ၀င်တယ်လို့   UNOCHA  ရဲ့ ဧပြီ ၁၁ ရက် စာရင်းအရသိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up