close

DKBA ဗိုလ်စလုံးအဖွဲ့ အင်အား ၃၀၀ ခန့်ဖြင့် KNDO နှင့် ပူးပေါင်း

စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ ဗိုလ်စလုံး ဦးဆောင်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင် ၃၀၀ လောက်ဟာ  ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးစီးတဲ့  ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် (KNDO) အဖွဲ့နဲ့ ပေါင်းစည်းလိုက်ပါတယ်။

ဗိုလ်စလုံးဟာ ပြီးခဲ့တပတ်လောက်ကတည်းက KNDO နဲ့ ပေါင်းစည်းဖို့ ရောက်ရှိခဲ့တာဖြစ်ပြီး ဧပြီ ၂၆ ရက် ဒီကနေ့မှာတော့ ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ကြိုဆိုမိန့်ခွန်းစကားပြောဆိုပါတယ်။

ဗိုလ်စလုံးကလည်း ဒီကေဘီအေ အလံနဲ့ ဝတ်စုံတွေကို ဗိုလ်မှူးချုပ်စောနယ်ဒါးမြဆီကို အပ်နှင်းကြောင်း အခမ်းအနားမှာ ကြေညာခဲ့ပါတယ်။

“ငါတို့က ပြည်သူလူထုကို ချစ်တယ်။ ပြည်သူလူထုကို ကာကွယ်တယ်။ ဒါပေမဲ့ ငါတို့ လူကြီးတွေက ငါတို့အနောက်ကို ပိတ်တယ်။ အဲဒါကြောင့် ဒီကနေ့ ကျနော်တို့ KNDO ကျနော်တို့ရဲ့ မိဘ အဘိုးနယ်ဒါးမြရဲ့ဆီကို ကျနော်တို့ ပြန်ရွေးပြီးတော့ အဖေ အမေဆီကို ပြန်လာတယ်။ ဒီနေ့ကနေစပြီး ကျနော်အဲဒီ ဘက်တံဆိပ်ကို ကျနော်တို့သုံးတာ အန္တရာယ်များတယ်၊ အပုပ်စော်နံတယ်။ ဘာဖြစ်လို့နံလဲဆိုတော့ ပြည်သူလူထုလည်း မကြိုက်ဘူး။ အဲဒီတော့ ပြည်သူလူထု ရွေးထားတဲ့ဟာ၊ ပြည်သူလူထု လိုအပ်တဲ့ဟာကို ငါတို့က ပြည်သူလူထု ထမင်းစားတယ်၊ ပြည်သူလူထုအလိုကို လိုက်ရမယ်။ ဒီနေ့ကစပြီး ဒီကေဘီအေအလံ ကိုယ့်ရဲ့ ရာထူးတွေကို အဘိုးနဲ့အပ်လိုက်မယ်။” ဗိုလ်စလုံးက ကြိုဆိုပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဒါအပြင်  ဗိုလ်မှူးချုပ်နယ်ဒါးမြကလည်း ဒီရောက်ရှိလာတဲ့အဖွဲ့ကို KNDO တပ်ရင်းအဖြစ် ဖွဲ့စည်းမှာဖြစ်ပြီး ဗိုလ်စလုံးကို တပ်ရင်းမှူးအနေနဲ့ တာဝန်ပေးအပ်ပြီး KNDO ရဲ့ ဝတ်စုံကို ဝတ်ပေးခဲ့ပါတယ်။

KNDO ကွန်မန်ဒို တပ်ရင်းမှူးအနေနဲ့ တာဝန်ပေးအပ်ခံရတာနဲ့ ပတ်သက်လို့ ဗိုလ်စလုံးက “ခံစားရတာကတော့ မိဘတွေဆီ ပြန်ရောက်လာတဲ့အတွက် ဝမ်းသာတယ်။ အကြမ်းဖက် စစ်တပ်ကို ပြန်လည်တိုက်ခိုက်ဖို့ စိတ်အားထက်သန် ဆက်လိုက်တိုက်ခိုက်သွားမယ်”လို့ ပြောပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီကို လက်နက်ကိုင် ပြန်လည်ခုခံတိုက်ခိုက်ရာမှာ  DKBA စစ်ကြောင်းမှူး ဗိုလ်စလုံးက သူ့ဆီကို  ခိုလှုံဝင်ရောက်လာတဲ့  လူငယ်တွေအပါအဝင် နယ်မြေခံ KNDO၊ KNLA တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့ပါတယ်။

ဒီလို တိုက်ခိုက်မှုကြေင့် ဗိုလ်စလုံး တပ်စခန်း တည်ရှိရာ သောင်ရင်းမြစ်ကမ်းနေရာကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်  နယ်ခြားစောင့်တပ်(BGF) နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပူ းပေါင်းပြီး  မြေပြင်နဲ့ ဝေဟင်ကနေ အပြင်းအထန် တိုက်ခိုက်ခံခဲ့ရာမှာ ဇန်နဝါရီ ၁၄ ရက်မှာတော့ သူ့စခန်း လက်လွှတ်ခဲ့ရပါတယ်။

ဒီနောက်ပိုင်းဖြစ်ပွားတဲ့ မြဝတီမြို့နယ်အတွင်းက တိုက်ပွဲတွေမှာ ဗိုလ်စလုံးအဖွဲ့က KNDO နဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ဒီကနေ့မှာ တရားဝင်ပူးပေါင်းလိုက်တာ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up