အရပ်သားအုပ်ချုပ်ရေး ပြန်ပြောင်းရန် အချိန် ၃ နှစ်ယူရမည်ဟု ဂီနီစစ်အာဏာရှင်ပြော

ဂီနီနိုင်ငံမှာ အရပ်သားအုပ်ချုပ်ရေးဆီ ပြန်ပြောင်းရေးဟာ အချိန် ၃ နှစ်ကျော် ယူရနိုင်တယ်လို့ စစ်အာဏာရှင် ဗိုလ်မှူးကြီး မာမာဒီ ဒွန်ဘောင်ယာက အစိုးရရုပ်သံကနေ ဧပြီ ၃၀ ရက်မှာ ပြောလိုက်ပါတယ်။
ဒါဟာ မနှစ်က အာဏာသိမ်းမှုအပြီး အခြေခံဥပဒေအရ အုပ်ချုပ်ရေးဆီ အမြန်ပြန်သွားဖို့ ဆော်ဩနေတဲ့ အနောက် အာဖရိက နိုင်ငံရေး အဖွဲ့အစည်းကို စိတ်ပျက်စေမယ့် အဆိုပြုချက်ပဲလို့ မီဒီယာတွေက သုံးသပ်ပါတယ်။
သူဟာ စက်တင်ဘာလက အာဏာသိမ်းတဲ့ စစ်အစိုးရခေါင်းဆောင်လည်းဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေအပြီးမှာ ၃၉ လကြာ အကူးအပြောင်းကို စဉ်းစားရင်း အချိန်ဇယားကို ပထမဆုံး အကြိမ် အဆိုပြုတာလို့လည်း ပြောပါတယ်။
ဂီနီသမ္မတဟောင်း အယ်လ်ဖှာ ကွန်ဒီဟာလည်း အစုလိုက် အပြုံလိုက် အဂတိလိုက်စားမှု စွဲချက်နဲ့ အထူးတပ်ဖွဲ့ဝင်တွေက ရာထူးက ဖြုတ်ချပြီး ထိန်းသိမ်းထားတာ ခံရပါတယ်။
သူ့ကို ဧပြီလ နှောင်းပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီလို့ ကြားဖြတ်အစိုးရက နိုင်ငံပိုင်ရုပ်သံကနေ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မာလီ၊ ဘာကီနာဖာဆိုနဲ့ ဂီနီနိုင်ငံတွေက စစ်ခေါင်းဆောင်တွေက အာဏာသိမ်းခဲ့လို့ အနောက်အာဖရိကမှာ ဒီမိုကရေစီ နောက်ပြန်ဆွဲလာမှာကို စိုးရိမ်နေကြ ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကတော့ အနောက်အာဖရိက ဒေသဟာ အာဏာသိမ်း ခါးပတ်လမ်း အဖြစ် ဂုဏ်သိက္ခာ ကျဆင်းခဲ့ရဖူးပါတယ်။