close

ကန်ဒေါ်လာ ၁၀ သန်းဖြင့်ရောင်းချမည့် စစ်ခေါင်းဆောင်၏နေအိမ် ဝယ်ယူလိုသူများပြား

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နေအိမ်ကို အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ တန်ဖိုးဖြတ်ပြီး ရှယ်ယာတစုကို ဒေါ်လာ ၁၀၀ နဲ့ရောင်းမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာပါတယ်။

မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ ရန်ကုန်၊ အင်းယားလမ်းက နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်တန်ကြေးရှိတယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဆိုပါတယ်။

အခု ရောင်းချတဲ့အခါ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၁၀ သန်း တန်ဖိုးဖြတ်ပြီး အစုရှယ်ယာ တသိန်းတိတိနဲ့ ရောင်းချသွားမှာဖြစ်ပြီး ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားတာပါ။

ဒါဟာ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်ရဲ့ ကနဦးခြေလှမ်းဖြစ်တယ်လို့ NUG အစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က မေလ ၅ ရက် နေ့စွဲနဲ့ လက်မှတ်ရေးထိုးထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ ခြံအမှတ် ၁၄ က မြေနဲ့အဆောက်အအုံကို ကြိုတင်ရောင်းချနိုင်ရေး ပြည်သူ့ဆန္ဒကောက်ယူတဲ့ စစ်တမ်း တခုကို မကြားသေးခင်က ပြုလုပ်ခဲ့ပါတယ်။

စစ်တမ်းကောက်တဲ့ ၆ ရက်တာကာလအတွင်း စုစုပေါင်း ဆန္ဒပြုသူ ၁၈၀၀၀ ကျော်ရဲ့ ၉၇ ရာခိုင်နှုန်းကျော်က ဝယ်ယူမယ်လို့ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူဖို့ အဆိုပြုပမာဏ စုစုပေါင်းကငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) လောက်ရှိပါတယ်။

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄  ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာဖြစ်ပါတယ်။

မကြာခင်မှာတော့ ကမ္ဘာတဝန်း ဆက်သွယ်ဝယ်ယူရရှိနိုင်မယ့် ကိုယ်စားလှယ်အမည်စာရင်းနဲ့ စတင်ရောင်းချမယ့် အချိန်ကို သီးခြားထုတ်ပြန်ပေးသွားမှာဖြစ်ပြီး မိမိတို့နဲ့ အဆင်ပြေနီးစပ်တဲ့ နိုင်ငံတကာကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက်ကာ ဝယ်ယူရရှိနိုင်မယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up