close

ဖရူဆိုတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၃ ဦးသေ၊ ကျည်ဆန်နှင့် စစ်ပစ္စည်းများ သိမ်းဆည်းရမိ

ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ  မေ ၄ ရက် မနက်က  တိုက်ပွဲဖြစ်ပြီး  စစ်ကောင်စီတပ်သား ၃ ယောက်ထက်မနည်းသေဆုံးခဲ့ကာ လက်နက်ကျည်ဆန်တချို့နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့  KNDF  ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖရူဆိုမြို့နယ်ကနေ ဘောလခဲမြိုနယ် နန်းဖဲကျေးရွာဘက်သို့ ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို  ကရင်နီတပ်မတော် (KA) နဲ့ KNDF တို့က မေလ ၄ ရက် မနက် ၄ နာရီလောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့ရာက တိုက်ပွဲစတင်ခဲ့တာလို့  ဆိုပါတယ်။

မိုင်းပေါက်ကွဲခဲ့တဲ့ အချိန်ကစပြီး နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ရာမှာ မနက် ၁၀ နာရီကျော်အထိ ပြောက်ကျားတိုက်တိုက်ခိုက်တွေ ကြိုးကြားဖြစ်ပွားခဲ့တယ်လို့လည်း KNDFကနေ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ရဲ့ မော်တော်ယာဥ် ၂ စီး မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာ ရှိနိုင်တယ်လို့လည်း  KNDFက ထုတ်ပြန်ထားပါတယ်။

အဲဒီနောက် ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာဘက်သို့ ရိက္ခာနဲ့ လက်နက်ခဲယမ်းပို့တဲ့ စစ်ကောင်စီယာဥ်တန်းကိုလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက လောကျေခူရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တနာရီလောက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာသူတွေ ရှိတယ်လို့  KNDF သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ကရင်နီပူးပေါင်းတပ်ဘက်ကတော့  ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့လည်း KNDF ကပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up